ဆန္ဒပြပါတီဝင် ၁၀ ဦးကို NLD ထုတ်ပယ်
2015.08.11
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒပြခဲ့ကြတဲ့ ပခုက္ကူမြို့နယ်က NLD ပါတီဝင် ၁၀ ဦးကို NLD ဗဟိုက ထုတ်ပယ်လိုက်ပါတယ်။ ပခုက္ကူခရိုင်နဲ့ မြို့နယ်အဆင့် NLD ပါတီဝင် ၁၀ ဦးတို့ကို မနေ့က ရက်စွဲနဲ့ ထုတ်ပယ်ခံလိုက် ရတာဖြစ်ကြောင်း ပခုက္ကူမြို့ မဲဇလီကုန်းကျေးရွာအုပ်စုက ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဝင်းအောင် က ပြောပါတယ်။
"ထုတ်လိုက်တဲ့ ၁ဝ ဦးကို လေ့လာကြည့်တဲ့အခါမှာ ဒီ ၁ဝ ဦးဟာ တကယ့်ကိုပါတီမှာ မှန်မှန်ကန်ကန်နဲ့ တကယ်ပါတီအောင်နိုင်ရေးတို့ ပါတီရပ်တည်ဖို့ အနေအထားတွေ စည်းလုံးရေးတွေကို တကယ်လုပ်နေတဲ့ လူတွေဆိုတော့ ကျနော် ဒီပါတီအတွက် နည်းနည်းတွေးပြီးတော့ ရင်လေးတာပေါ့ဗျာ၊ ကျနော်နဲ့ ဦးငြိမ်းမောင်က ပါတီကိုယ်စားလှယ်လောင်းတွေ ချပေးလိုက်တဲ့ဟာကို ကျနော်တို့ကနေပြီးတော့ မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာ မို့လို့ ပါတီကနေထုတ်ပယ်တယ် အဲ့လိုပြောတာပဲ"
လာမယ့် ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ကနေ ယှဉ်ပြိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်း ၄ ဦးကို မြို့နယ် ပါတီဝင်တွေက လက်မခံနိုင်တဲ့အတွက် အစားထိုးပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
သြဂုတ်လ ၁၀ ရက်နေ့ မနေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်းတွေကို ကန့်ကွက်ကြောင်း ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ NLD ပါတီဝင် ၁၀၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။