တာဝန်ခံတဲ့ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံလွှာတင်ပြဖို့ အမေရိကန်အစိုးရ ကြေညာ
2013.05.23
မြန်မာနို်င်ငံတွင်း ဒေါ်လာ ၅ သိန်းအထက် ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ အမေရိကန်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လုပ်ကိုင်နေတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုဆိုင်ရာတာဝန်ခံမှု ပထမအစီရင်ခံလွှာကို တင်သွင်းရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာပါတယ်။
တင်သွင်းရမယ့် အစီရင်ခံလွှာမှာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ မြေယာအခွင့်အရေး၊ လူမှုအဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းတိုင်ပင်မှု၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး၊ ၊ အဂတိလိုက်စားမှု ရှောင်ကြဉ်ရေး၊ လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်မှုတွေ၊ လုပ်ငန်းဆိုင်ရာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေနဲ့ ဆိုးကျိုးဖြစ်နိုင်တာတွေကို သုံးသပ်ကာကွယ်လျှော့ချနိုင်မှု၊ အစိုးရကို ငွေပေးချေမှု၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံလုပ်ကိုင်မှုအခြေအနေ၊ အစိုးရစစ်တပ် သို့မဟုတ် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်စပ်မှုစတာတွေကို ဖော်ပြရမှာဖြစ်ကြောင်း သိရပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံဆောင်ရွက်ရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုရှိ မရှိ အမေရိကန်လုပ်ငန်းရှင်တွေက ပြန်လည်အစီရင်ခံတင်ပြဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ တာဝန်သိ၊ တာဝန်ခံတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံရေး ယဉ်ကျေးမှု ပေါ်ပေါက်လာဖို့အတွက် အမေရိကန် စီးပွားရေးလုပ်ငန်းတွေက စံပြဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း၊ ဒီလိုတာဝန်ခံတဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့် အပြောင်းအလဲတွေ ထပ်မံပေါ်ပေါက်လာပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ မြန်မာပြည်သူတွေရဲ့ ဘဝလူမှုဖူလုံရေးအတွက် အထောက်အပံ့တွေဖြစ်လာနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။