ဆန်သယ်ခွင့်ကန့်သတ်ခံရလို့ အမ်းက ရွာ ၃၀ ကျော် ရိက္ခာခက်ခဲနေ

ဖြူဖြူခိုင်
2020.02.16

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် စပါးမရိတ်နိုင်တဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်က ရွာအများအပြားဟာ ဆန်ဝယ်ယူသယ်ဆောင်ရာမှာလည်း တပ်မတော်က ကန့်သတ်ထားလို့ ဒေသခံတွေ ရိက္ခာခက်ခဲနေပါတယ်။

စားနပ်ရိက္ခာ ပြတ်နေလို့ အစားလျှော့စားတာတွေ၊ ဒုက္ခသည်စခန်းမှာ သွားနေသူတွေတောင် ရှိနေပြီလို့ ဒါးလက်ရွာမ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ဆန်သုံးဗူးစားတဲ့သူက နှစ်ဗူးပဲစားပြီး လျှော့စားတာမျိုးတွေ၊ နည်းနည်းပါးပါးရှိတဲ့သူတွေဆီက မျှချေးဌားပြီး ပြေလည်ရာပြေလည်ကြောင်း အောင့်အီးပြီးခံနေရတယ်။ စားဝတ်နေရေး အဆင်မပြေလို့ အမ်းဘက်ကို ရွှေ့ပြောင်းတဲ့သူတွေလည်း တော်တော်များများရှိနေပြီ။ ဒါးလက်ရွာဟောင်းအထက်က အိမ်ခြေ ၂၀၀ ကျော်လောက် စားဝတ်နေရေး အဆင်မပြေလို့ အမ်းဒုက္ခသည် စခန်းကို အကုန်ရောက်ကုန်ကြပြီ“

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အမ်းမြို့နယ်ထဲက ကဇုကိုင်းတံတားမှာ တပ်စွဲထားတဲ့ တပ်မတော် တပ်ရင်းက ဒါးလက်ချောင်းကို ဖြတ်သန်းခွင့် မပြုတော့တာကြောင့် သွားလာခွင့် ပိတ်ခံထားရတာ နှစ်လကျော်နေပါပြီ။

ဒါးလက်ချောင်းကျေးရွာအုပ်စုက ရွာပေါင်း ၃၀ ကျော်မှာ အိမ်ခြေ နှစ်ထောင်ကျော်ရှိပါတယ်။ ဒီကျေးရွာတွေက စပါးစိုက်ပျိုးပေမယ့် တိုက်ပွဲတွေရှိနေလို့ စပါးတွေ မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေတာပါ။

ဒါကြောင့် ဆန်ကို အမ်းမြို့နယ်ကနေ ဝယ်ယူစားသောက်နေရတာပါ။

ရေလမ်းကြောင်း အပိတ်ခံထားလို့ ကုန်းလမ်းနဲ့ သွားတဲ့အခါမှာလည်း တပ်မတော်က ဆန်ကို အကန့်အသတ်နဲ့သာ သယ်ခွင့်ပေးလို့ အခက်တေ့ွနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းထဲ အမ်းမြို့နယ်မှာ တိုက်ပွဲမဖြစ်ပေမယ့် သွားလာခွင့်တွေကိုတော့ ပိတ်ထားဆဲပါ။

ဆန် တစ်အိတ်၊ နှစ်အိတ်လောက်ကို ကားငယ်တွေနဲ့ တင်လာတာမျိုးရှိပေမယ့် ဒီထက်များရင်တော့ တပ်က သယ်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA ကို ဆန်ရိက္ခာတွေ ပို့မှာစိုးရိမ်လို့ တပ်မတော်က အခုလို ပိတ်ပင်တာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က သုံးသပ်ပါတယ်။  

“ရိက္ခာတွေဟာ AA ကိုကူညီနေတယ်။ အဲဒီကိုရောက်သွားတယ်လို့ သူတို့က အထင်နဲ့ပိတ်တာပေါ့။ အဲဒီနည်းလမ်းက ပြည်သူတွေကို ပိုပြီးထိခိုက်တယ်။ တစ်ဖက်ကိုထိခိုက် မထိခိုက်ထက် လောလောဆယ် အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေကို တိုက်ရိုက်သွားပြီး ထိခိုက်တယ်။ အခြားနည်းတစ်နည်းနဲ့ စစ်ဆေးတာတို့ လုပ်သင့်တယ်။ ဒေသခံတွေအတွက် အခက်အခဲ ဖြစ်ရလောက်အောင်အထိ ဒါမျိုးတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ကတော့ မြင်တယ်“

တပ်မတော်က ဆန်သယ်ယူခွင့်ပိတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမကိုင်ပါဘူး။ ရခိုင်ပြည်နယ်က ရွာတချို့ဟာ AA ကို ဆန်ထောက်ပံ့တယ်လို့ တပ်ပြောရေးဆိုခွင့်ရှိသူတွေက မကြာခဏ စွပ်စွဲပြောလေ့ရှိပါတယ်။

လူ့အခွင့်အရေး မြှင့်တင်သူများအဖွဲ့က ဦးအောင်ဇော်ဦးက ဂျနီဗာကွန်ဗန်ရှင်းအရ တိုက်ပွဲနယ်မြေထဲက ဒေသခံတွေရဲ့ စားနပ်ရိက္ခာနဲ့ အသက်အန္တရာယ်ကို လုံခြုံမှုပေးဖို့ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းမှာ တာဝန်ရှိတယ်လို့ ထောက်ပြပါတယ်။

“စားဝတ်နေရေးဆိုတာ လူ့ရဲ့အသက်ရှင်ပိုင်ခွင့်ကို သွားပြီးထိခိုက်နေတယ်။ အဲဒီအသက်ရှင်ပိုင်ခွင့်ကို ထိခိုက်လာပြီဆိုရင်တော့ ဒါကတော့ လူ့အခွင့်အရေးကို ကြီးကြီးမားမား ချိုးဖောက်တဲ့အဆင့်ကို ရောက်သွားတယ်“

အလားတူ ကျောက်တော်နဲ့ ပလက်၀ အစပ်မှာလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်လောက်ရှိနေပါပြီ။ ဒါကြောင့် ကုလားတန်မြစ်ကြောင်းမှာ စက်လှေတွေ မသွားရဲဘဲ ရပ်နားထားရလို့ ပလက်ဝမြို့နယ်ထဲ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာလည်း တစ်ပတ်ကျော်နေပါပြီ။ ပလက်ဝမြို့နယ်ထဲမှာလည်း အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဝယ်ယူဖို့ ခက်ခဲနေပါတယ်။  

တိုက်ပွဲနယ်မြေတွေမှာ ရိက္ခာသယ်ယူခွင့်တွေ မကြာခဏပိတ်လေ့ရှိတာ၊ နယ်မြေမတည်ငြိမ်လို့ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာဟာ လက်တေ့ွမှာတော့ ဒေသခံပြည်သူတွေကိုသာ ထိခိုက်စေတာဖြစ်လို့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေကို ပြစ်တင်ဝေဖန်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။