ပလက်ဝမှာ ဆန်သယ်ဆောင်ခွင့် ကန့်သတ်ထား
2017.12.16
အစိုးရတပ်မတော်နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းကို အစိုးရတပ်မတော်က ဆန်အိတ်သယ်ဆောင်ခွင့် ကန့်သတ်ထားတာကြောင့် ဆန်ဈေးနှုန်းတွေ အဆမတန် တက်သွားတယ်လို့ ပလက်ဝမြို့ခံတွေက ဒီနေ့ ပြောပါတယ်။
ကျပ် နှစ်သောင်းကျော်တန် ဆန်တစ်အိတ်ကို သုံးသောင်းကျော်အထိ ဈေးမြင့်တက်နေပေမယ့် မြို့နယ်တစ်ခုလုံးမှာ ဝယ်ဖို့တောင် ဆန်ပြတ်လပ်နေတယ်လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။
"ဈေးနှုန်းက တော်တော်လေးတက်တယ် အရင်ပုံမှန်ပေါ့ အရပ်အခေါ်ပေါ့ ဒီဖက်ကစားနေကြတဲ့ အနိမ့် ဆုံးဆန်က တစ်အိတ်ကို နှစ်သောင်း၊ နှစ်သောင်းနှစ်ထောင်ဝန်းကျင် ရှိတယ်၊ အခုက သုံးသောင်းဝန်း ကျင် ဖြစ်နေပြီ"
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်း ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်လခွဲကျော်ကြာမြင့်နေပြီး ခုချိန်ထိလည်း ဒေသတည်ငြိမ်မှု မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
ပလက်ဝမြို့ခံတွေဟာ စားသောက်ကုန်တွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ ကုလားတန် မြစ်ကြောင်း အတိုင်း သယ်ယူကြတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာ အစိုးရတပ်မတော်က လူတစ်ယောက်ကို ဆန်တစ်အိတ်သာ သယ်ခွင့်ပြုတာ ဖြစ်ပါတယ်။
ရေလမ်းကြောင်းအရ ရခိုင်ပြည်နယ်ထဲက တင်းမ ဆိုတဲ့ရွာမှာ ဂိတ်တစ်ခုဖွင့်ထားပြီး ပလက်ဝမြို့နယ် ထဲမှာတော့ မြို့သစ်ဆိုတဲ့ဂိတ်မှာ စစ်ဆေးနေသလို ကုန်းလမ်းကြောင်းအရဆိုရင်လည်း ပွီဝုန်းဆိုတဲ့ ဂိတ်မှာ စစ်ဆေးနေတာ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ကစတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၁၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး တိုက်ပွဲအကြိမ်အရေအတွက် ၁၀၀ ကျော်ရှိနေပါတယ်။