သြင်္ကန်မဏ္ဍပ် ဗုံးခွဲမှု တရားစစ်ဆေးပုံ အာရှ လူ့အခွင့်အရေးကော်မရှင် ဝေဖန်

မနှစ်က သြင်္ကန်ဗုံးပေါက်ကွဲမှုမှာ ဖောက်ခွဲရေးသမားအဖြစ် ဖမ်းဆီး၊ စွဲဆိုခံနေရတဲ့ ကိုဖြိုးဝေအောင်ရဲ့ အမှု ကို စစ်ဆေးရာမှာ တရားရုံးဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က မတ်လ ၃၀ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်၊

2011.03.30
bomb_ambulance_305_z.jpg ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သြင်္ကန်မဏ္ဍပ်တွင် ၂၀၁၀ ဧပြီ ၁၅ ရက် သြင်္ကန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြ ပြောဆိုပါတယ်

“ထွက်ဆိုတဲ့ သက်သေတွေ အနေနဲ့ ဒီအမှုမှာ ခိုင်လုံတဲ့ အထောက်အထားတွေ တင်ပြနိုင်ခြင်း မရှိတာကို ကျွန်တော်တို့ တွေ့ရတယ်။ အဓိက တာဝန်ရှိတဲ့ ဒုရဲမှူး ဦးဝင်းမောင် ဆိုလို့ရှိရင်လည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင် သိတဲ့ အချက်အလက် ဘာမှ မရှိတာကို ကျွန်တော်တို့ တွေ့ရတယ်။ သက်သေခံအဖြစ် တင်သွင်းထားတဲ့ အချက်အလက်တွေက ရဲချုပ်ဆီကနေပြီးတော့ သိရတဲ့ အချက်အလက်တွေ ဖြစ်တယ်။”

“အမှုကို ကိုယ်တိုင်သိတယ်၊ ကိုယ်တိုင်ကြားတယ်၊ ကိုယ်တိုင်မြင်တွေ့တယ်၊ ကိုယ်တိုင်စစ်ဆေးတယ် ဆိုတဲ့ သူကပဲ လာရောက်ပြီးတော့ သက်သေခံဖို့ သက်သေခံ ဥပဒေက အတိအကျ ပြဋ္ဌာန်းထားပါတယ်။ အခုတော့ စစ်ဆေးရေးအဖွဲ့မှာ စစ်သွားတဲ့ စစ်ကြောတဲ့သူတွေ မပါဘူး။ နောက်ပြီးတော့တခါ ဒီ ပါရဂူတွေ စစ်ဆေးတယ်၊ ပါရဂူတွေကို သက်သေ တင်ပြထားခြင်း မရှိဘူး။ နောက်ပြီးတော့တခါ အစီရင်ခံစာတွေပေါ်မှာ မူတည်ပြီးတော့ ထွက်တယ်။ အစီရင်ခံစာ ရေးသားတဲ့သူကို သက်သေခံ စာရင်းထဲမှာ ထည့်သွင်းထားတာ မတွေ့ရပါဘူးခင်ဗျ။”

ဒါ့ အပြင် ကိုဖြိုးဝေအောင်ရဲ့ အမှုကို စစ်ဆေးရာမှာ တရားရုံးကိုယ်တိုင်က ဥပဒေနဲ့ မညီတဲ့ သက်သေခံချက်တွေကို လက်ခံ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဥပမာ ဒုတိယ ရဲမှူး ဦးဝင်းမောင်ရဲ့ သက်သေထွက်ချက်ဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဦးမင်းလွင်ဦးက အခုလိုပြောပြပါတယ်

“လာရောက်ပြီးတော့ သက်သေခံ ထွက်ဆိုတဲ့ အခါမှာလည်း စာမျက်နှာ ၈၀ လောက် ပါတဲ့ စာအုပ်ကို ကြည့်ပြီးတော့မှ သက်သေထွက်ဆိုတာ ဖြစ်တယ်။ ကျွန်တော်တို့ သက်သေခံ ဥပဒေအရ ဆိုလို့ရှိရင် မိမိ မှတ်သားထားတဲ့ အချက်အလက်တွေ ဖြစ်တယ်ဆိုရင် ပြန်လည် မှတ်မိဖို့အတွက် ကြည့်ရှုထွက်ဆိုနိုင်တာ ဖြစ်တယ်။ သို့သော်လည်းပဲ စာအုပ်တအုပ်လုံးကို ဖတ်ပြီး သက်သေခံ သွင်းဖို့ မဟုတ်ပါဘူး။”

အခုလို တရားရုံးရဲ့ ဆောင်ရွက်မှုတွေဟာ ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့ အပြင် ကိုဖြိုးအောင်အပေါ်မှာလည်း ခွဲခြားဆက်ဆံမှုတွေ ရှိတဲ့အတွက် ရုံးပြောင်း လျှောက်ထားရာမှာ အထက်ရုံး အဆင့်ဆင့်က ပယ်ချခဲ့တယ်လို့လည်း အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

ကိုဖြိုးဝေအောင်ရဲ့ အမှုဟာ တရားဥပဒေ စိုးမိုးမှု ရှိတဲ့ ပတ်ဝန်းကျင်မှာ စစ်ဆေးမယ်ဆိုရင် ရုံးတင်နိုင်တဲ့ ခိုင်လုံတဲ့ အခြေအနေတောင် မရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-21 01:34

ဒါလားကွ ဖြောင့်မတ်တဲ့ တရားရေးမဏ္ဍိုင်။

Anonymous
2011-03-31 00:39

The Justice hides behind the Army Officers.