တရားရုံးချုပ်ကို အာရှလူ့အခွင့်အရေးအဖွဲ့ ဝေဖန်
2011.02.23

ဒီကိစ္စနဲ့ ပတ်သက်လို့ AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလိုပြောပါတယ်။
“ကိုဖြိုးဝေအောင်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားရုံးချုပ်ကနေပြီးတော့ အင်းစိန်ထောင်အတွင်း တရားရုံးမှာ ဆက်လက် စစ်ဆေးဖို့ ဆုံးဖြတ်ချက် ချတာက ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဆိုင်ရာ ဥပဒေ၊ နောက်ပြီးတော့ အခု ကျွန်တော်တို့ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နောက်တခါ ၂၀၁၁ ခုနှစ်မှာ ပြဋ္ဌာန်းမဲ့ တရားစီရင်ရေးဆိုင်ရာ ဥပဒေမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေထဲက တရားစီရင်ရေးဆိုင်ရာ မူဖြစ်တဲ့ လွတ်လပ်စွာ အများပြည်သူရဲ့ ရှေ့မှောက်မှာ စစ်ဆေး စီရင်ရမယ်ဆိုတဲ့ မူကို အတိအလင်း မျက်ကွယ်ပြုပြီး ဆုံးဖြတ်ထားတယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောလိုခြင်း ဖြစ်ပါတယ်။”
တရားစီရင်ရေးမှာ အများပြည်သူ့ရှေ့မှောက် စစ်ဆေးရမယ်ဆိုတဲ့ ဥပဒေကို အာဏာပိုင်တွေ ကိုယ်တိုင် မျက်ကွယ်ပြုနေတဲ့ အခုလို ဖြစ်ရပ်တွေ မြန်မာနိုင်ငံမှာ အတော်များများ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ကိုဖြိုးဝေအောင်အမှုမှာ တရားရုံး လုပ်ထုံးလုပ်နည်းတွေထဲက တခုဖြစ်တဲ့ ရှေ့နေက သက်သေခံ စာရွက်စာတမ်း မိတ္တူကူးဖို့နဲ့၊ ဆရာဝန်ဆေးစစ်ချက်တွေ မိတ္တူကူးဖို့ကိုလည်း တရားရုံးက ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒ့ါအပြင် မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပြုဘူးလို့ ပြောပါတယ်။
ကိုဖြိုးဝေအောင်ကို အင်းစိန်ထောင်မှာ အာဏာပိုင်တွေက ထောင်တွင်းပြစ်မှုတခုနဲ့ တိုက်ပိတ် ပြစ်ဒဏ် ခတ်ထားတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။