လမ်းတံတား အရည်အသွေး ကြပ်မတ်ဖို့ ဦးတီခွန်မြတ် ပြော
လမ်း၊ တံတားတွေရဲ့ အရည်အသွေးကို တိတိကျကျ ကြပ်မတ်ဆောင်ရွက်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လမ်းတံတားတွေကို BOT စာချုပ်တွေနဲ့ လုပ်ဆောင်နေတဲ့ ကိစ္စကို ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက အဆိုတင်သွင်းအပြီးမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောခဲ့တာဖြစ်ပါတယ်။
"ဒီနေရာမှာ မိမိအနေနဲ့ တင်ပြလိုတာကတော့ ဒီလမ်းတွေမှာ အဓိကလိုအပ်ချက်ဟာ ဝန်ကြီးဌာနအနေ နဲ့ Quality Control တိတိကျကျချမှတ်ဆောင်ရွက်ပေးဖို့ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်၊ အဲဒါကြောင့် ဒီကိစ္စဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကျတဲ့ကိစ္စဖြစ်ပါတယ်"
ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ လမ်းနဲ့ပတ်သက်တဲ့ မေးခွန်း ၅ ခု မေးမြန်းကြသလို ကော့မှူးမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက BOT စနစ်နဲ့ လမ်းပိုင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေကို စာချုပ်ပါစည်းကမ်းလိုက်နာအောင် ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို တင်သွင်းခဲ့ ပါတယ်။
BOT စနစ်နဲ့ ကုမ္ပဏီပေါင်း ၂၅ ခုက လမ်းမကြီးပေါင်း ၆၁ လမ်း၊ လမ်းအရှည် မိုင် သုံးထောင်ကျော်ကို လုပ်ပိုင်ခွင့် ရထားပြီး စာချုပ်သက်တမ်းက နှစ် ၄၀ ကနေ ၄၅ နှစ်အထိရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အချက်အခြာကျတဲ့ လမ်း ၉၀ ရာခိုင်နှုန်းဟာ BOT စနစ်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေက စာချုပ်ပါအချက်တွေ မလိုက်နာရင် ပြည်သူတွေမှာ နစ်နာမှုတွေ ရှိတယ်လို့ အဆိုတင်သွင်းသူ က ပြောပါတယ်။
အဆိုကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး ကန့်ကွက်သူမရှိတဲ့အတွက် မကြာခင်မှာ လွှတ်တော်မှာ ဆွေးနွေး မှာဖြစ်ပါတယ်။