သံတွဲမှာ ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဖမ်းဆီးခံရ

2022.08.20
သံတွဲမှာ ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဖမ်းဆီးခံရ ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ မွတ်စလင်များ။
Photo - Aung Kyaw Moe

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့ ဂေါ့ကမ်းခြေအနီးမှာ စက်လှေပေါ်လိုက်ပါလာတဲ့ ရိုဟင်ဂျာ အယောက် ၅ဝ ခန့် ဩဂုတ်လ ၁၉ ရက် မနေ့က ဖမ်းဆီးခံလိုက်ရပါတယ်။

သူတို့တွေဟာ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ဖို့ကြိုးစားကြရင်း ရာသီဥတု အခြေအနေ ဆိုးတာကြောင့် အရေးပေါ် ကမ်းကပ်ချိန်မှာ ဖမ်းဆီးခံရတာလို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက RFA ကိုပြောပါတယ်။

"သူတို့တွေဟာ သာမာန်ပြည်သူတွေ၊ မိန်းခလေးတွေ၊ ယောကျ်ားလေးတွေပါ။ ရာဇဝတ်သားကောင်တွေ မဟုတ်ပါဘူး၊ ဘာရာဇဝတ်မှ မကျူးလွန်ဘူး။ သူတို့နိုင်ငံတွင်းမှာ ကူးလူးသွားလာရင်းကနေပဲ အခုလို ဖမ်းဆီးခံနေရတာပါ"

အာဏာသိမ်း စစ်ကောင်စီဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်ကျူးလွန်နေဆဲ ဖြစ်သလို ရိုဟင်ဂျာတွေ အပေါ်မှာရော၊ တခြားတိုင်းရင်းသားတွေ အပေါ်မှာပါ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် စစ်ကောင်စီက တာဝန်ခံရလိမ့်မယ်လို့  ဦးအောင်ကျော်မိုးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲ ကလေးတွေလည်းပါပြီး သူတို့ကို သံတွဲရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်းသိရပါတယ်။
 
ရိုဟင်ဂျာတွေဟာ နိုင်ငံတွင်း လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်မရတာကြောင့် မကြာခဏ ဖမ်းဆီးခံရလေ့ ရှိနေတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ ပြင်ဆင်နေမယ်လို့ ပြောဆိုနေပါတယ်။

တချိန်တည်းမှာပဲ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေကိုလည်း နယ်မြေကျော်မှုနဲ့ ဖမ်းဆီးထောင်ချနေပါတယ်။


RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂ဝ၂၁ ခုနှစ် နှစ်ကုန်ပိုင်း ဒီဇင်ဘာလကနေ အခု၂ဝ၂၂ ခုနှစ် နှစ်လယ်ပိုင်း ဇွန်လအတွင်း ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတစ်ဝန်း ရိုဟင်ဂျာ မွတ်စလင် ၆၀၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။