မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဂျာမဏီအစိုးရထံ တိုင်ကြား
2023.01.24

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဂျာမဏီအစိုးရထံ လူ့အခွင့်အရေးဖွဲ့ဖြစ်တဲ့ Fortify Rights နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးတို့က တိုင်ကြားခဲ့တယ်လို့ Fortify Rights က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် အရေးယူပေးဖို့ ပြစ်မှုဆိုင်ရာတိုင်ကြားချက်အနေနဲ့ တင်သွင်းခဲ့တာပါ။
အာဏာသိမ်းနှစ်နှစ်အတွင်း စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို ဂျာမဏီအစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုနိုင်ဖို့ ပံ့ပိုးပေးနိုင်တဲ့ သက်သေခံအထောက်အထားတွေကို တင်သွင်းခဲ့တာလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် အရေးယူမှုတွေကနေ ကင်းလွတ်ခွင့်ရတဲ့ အခြေအနေတွေကို အဆုံးသတ်ရမယ်လို့ Fortify Rights အဖွဲ့ ပူးတွဲတည်ထောင်သူ Matthew Smith က အဲဒီထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
“နိုင်ငံတကာက အာရုံစိုက်မှုနဲ့ လက်ရှိဆောင်ရွက်ဆဲ တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းမှု အများအပြားရှိနေပေမယ့် မြန်မာစစ်တပ်ဟာ အရေးယူမှုက အပြည့်အဝကင်းလွတ် နေဆဲဖြစ်ပြီး ဒီလိုကင်းလွတ်ခွင့်ရနေတာကို အဆုံးသတ်ရမှာဖြစ်တယ်။ ဒီရာဇဝတ်မှုတွေကို အရေးမယူဘဲ နေလို့မရပါဘူး”
စာမျက်နှာ ၂၁၅ ရွက်ပါ တိုက်ကြားချက်အပြင် စာမျက်နှာ တစ်ထောင်ကျော်ပါတဲ့ နောက်ဆက်တွဲ သက်သေခံ စာရွက်စာတမ်းတွေကိုပါ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။
Fortify Rights နဲ့အတူ တိုင်းကြားခဲ့တဲ့ ၁၆ ဦးထဲမှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကနေ လွတ်မြောက်လာသူတွေ ပါဝင်သလို အာဏာသိမ်းနှစ်နှစ်အတွင်း မြန်မာနိုင်ငံဒေသ အသီးသီးမှာ ကြုံတွေ့ခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကနေ လွတ်မြောက်လာသူတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
တိုင်ကြားမှုထဲမှာ မြန်မာစစ်တပ်ဟာ ဂျာမဏီနိုင်ငံရဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု မြောက်တဲ့ သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာ၊ နှိပ်စက်တာ၊ ထောင်ချတာ၊ အစဖျောက် တာနဲ့ နှိပ်ကွပ်တာတွေကို စနစ်တကျ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ရှစ်သိန်းကျော် ထွက်ပြေးခဲ့ရပြီး စစ်တွေမြို့နယ်က ဒုက္ခသည်စခန်း ၁၄ ခုမှာ ရိုဟင်ဂျာ တစ်သိန်းကျော် ခိုလှုံနေကြရပါတယ်။
လက်ရှိစစ်ကောင်စီကတော့ ရိုဟင်ဂျာအရေးအပြင် အာဏာသိမ်းပြီးဖြစ်ခဲ့တဲ့ ကျူးလွန်မှု တွေနဲ့ ပတ်သက်လို့ ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်တာ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းနှစ်နှစ်တွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၂၈၁၀ သေဆုံးခဲ့ပြီး ၁၃,၆၄၂ ဦး ဖမ်းဆီးခံထားရပါတယ်။