ရိုဟင်ဂျာ အဖြေရှာရေး ညီလာခံ လော့စ်အိန်ဂျယ်လိစ်မှာ ကျင်းပ
2018.09.21

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်ခရိုင် Culver City ကာလ်ဗာစီးတီးမြို့မှာ ရိုဟင်ဂျာပြဿနာ အဖြေရှာရေးအတွက် ညီလာခံတစ်ခု ဒီကနေ့ စနေနေ့ ညနေမှာ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ညီလာခံ (Convention on Myanmar’s Ongoing Genocide) လို့ အမည်ပေးထားတဲ့ အဲဒီ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာအရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ ရခိုင်ပြည်နယ် ရိုဟင်ဂျာ သမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ဝါကာ အူဒင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရိုဟင်ဂျာ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်၊ လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာအစည်းအရုံး ခေါင်းဆောင် ကိုထွန်းခင်နဲ့ တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုဌေးလွင်ဦး စသူတွေ တက်ရောက်ပြောကြားကြမယ်လို့ သိရပါတယ်။
ဒီညီလာခံကို ဦးဆောင်ကျင်းပမယ့် မြန်မာ အမေရိကန် မွတ်စလင်အစည်းအရုံး ဒု ဥက္ကဋ္ဌ ဦးစောလှိုင်က လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့လိုကြောင်းနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေ ပြန်လာရေး အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။
"နိုင်ငံတကာကလည်း မြန်မာပြည်ကို လူမျိုးတုံးသတ်ဖြတ်တဲ့အကြောင်း ဥပမာ ကချင်တိုင်းရင်းသားတွေမှာလည်း ပြဿနာတွေရှိတယ်၊ နှစ်ပေါင်းများစွာ ကျနော်တို့ ရိုဟင်ဂျာ လူမျိုးတွေမှာလည်း ပြဿနာတွေရှိတယ်၊ အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းပြီးတော့ ရှေ့ဆက်ပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ဘယ်လိုထူထောင် သွားနိုင်မလဲဆိုတဲ့ ပြဿနာတွေအတွက် ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ညီလာခံမှာပြောကြားမယ့် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ ဝါကာ အူဒင်းကလည်း လက်ရှိပြဿနာကို အဖြေရှာရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးတိုင်ပင်လိုကြောင်း ပြောပါတယ်။
"သူတို့ရဲ့ လူ့အခွင့်အရေး နိုင်ငံသားပြန်ရဖို့အတွက် သူတို့လုံခြုံရေး၊ သူတို့ရဲ့ စီးပွားရေး၊ သူတို့ရဲ့ ပညာရေးတွေ အားလုံးကို ဘယ်လိုလုပ်အကောင်အထည်ဖော်မလဲ၊ ပြီးတော့ မြန်မာနိုင်ငံမှာ ဒီပြဿနာကတော့ ဒီမိုကရေစီ အတွက် မကောင်းဘူးဆိုပြီးတော့ ကျနော်က မြန်မာအစိုးရ NLD က ကြိုးစားနေတာ အဲဒီ ဒီမိုကစီကို ကျနော်က ဘယ်လိုလုပ်ကူညီနိုင်ပါမလဲ၊ အေးအေးချမ်းချမ်း သူတို့အကျိုးစီးပွားအတွက် ကျနော် လိုလားပါတယ်၊ အဲဒါ ကျနော် ကြိုးစားပါမယ်"
ညီလာခံ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မြန်မာ အမေရိကန် မွတ်စလင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမောင်အေးကတော့ လက်ရှိ ရိုဟင်ဂျာ ပဋိပက္ခအတွက် အစိုးရခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှာလည်း တာဝန်ရှိကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကို အရေးယူဖို့အတွက် လုံခြုံရေးကောင်စီက ICC ကို လွှဲပြောင်းမပေးနိုင်ဘူးဆိုရင်လည်း တခြားနည်းလမ်းတွေကို အသုံးပြုမှာဖြစ်ကြောင်း ပြောပါတယ်။