လူမျိုးတုံးသတ်ဖြတ်မှု အရေးယူရေး ရိုဟင်ဂျာ ညီလာခံ ဆွေးနွေး


2018.09.22
tunkhin-622.jpg မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ကိုထွန်းခင် ကို တွေ့ရစဉ်
Photo: Tun Khin

အမေရိကန်ပြည်ထောင်စု ကယ်လ်ဖေါနီးယားပြည်နယ် လော့စ်အန်ဂျလစ်ခရိုင် Culver City ကာလ်ဗာစီးတီးမြို့မှာ ရိုဟင်ဂျာခေါင်းဆောင်တွေ စုဝေးပြီး မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ညီလာခံ (Convention on Myanmar’s Ongoing Genocide) လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခုကို မြန်မာစံချိန် ဒီနေ့ တနင်္ဂနွေနေ့ မနက် ၈ နာရီခန့်မှာ ကျင်းပဖို့ ရှိပါတယ်။

မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ကိုထွန်းခင်က လူမျိုးတုံးသတ်ဖြတ်မှုတွေပြုလုပ်ခဲ့မှုအတွက် တပ်မတော် တာဝန်ရှိသူတွေကို အရေးယူဖို့ သူတို့ ဒီကနေ့ ဆွေးနွေးမယ်လို့ ပြောပါတယ်။

"စစ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာက ထိပ်ပိုင်းက ဗိုလ်ချုပ်ကြီးတွေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို အမြန်ဆုံးနည်းနဲ့ ဘယ်လိုလုပ်လို့ရမလဲ ပြီးတော့ ရှေ့ဆက်ပြီး နိုင်ငံတကာကလည်း ဘယ်လိုထောက်ခံမှုပြမလဲ ဒါကို ကျနော်တို့ ဆက်ပြီးလုပ်သွားမယ်"

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၅ သိန်းနဲ့ တခြားပြည်နယ်တွေက တိုင်းရင်းသားတွေ ကို အကာအကွယ်ပေးဖို့လည်း နည်းလမ်းတွေရှာကြမယ်လို့ ကိုထွန်းခင် ကပြောပါတယ်။

"နိုင်ငံတကာကနေ ကုလသမဂ္ဂ လုံခြုံရေးတပ်ဖြစ်ဖြစ် တခြားဘာလမ်းရှိလဲ ဒီလမ်းကြောင်းတွေကို အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ တာလ်ဆီး၊ မလေးရှား ဒီနိုင်ငံတွေ ကျနော်တို့ နိုင်ငံတစ်ခုကဦးဆောင်ပြီးတော့ ရိုဟင်ဂျာတွေ ကို အကာအကွယ်ပေးမယ့် အစီအစဉ်တစ်ခုကိုချဖို့ အရမ်းအရေးကြီးတယ်လို့၊ မြန်မာအစိုးရကိုလည်း ဖိအားပေး မယ်၊ တဖက်က နိုင်ငံတကာက အကာအကွယ်ပေးရမယ်၊ လမ်းကြောင်းတစ်ခုကိုလည်းထားမယ်၊ ဒီလိုမှပဲ ကျနော်တို့ ရိုဟင်ဂျာ်တွေက စစ်တပ်မုဒိန်းတပ်အောက်ကနေ ကျနော်တို့ လွတ်မြောက်ဖို့ရှိတယ်"

လက်ရှိပဋိပက္ခမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးခြင်းအားဖြင့်  မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို မထိခိုက်နိုင်ဘူးလားလို့ RFA က မေးမြန်းခဲ့ပါတယ်။

"မြန်မာနိုင်ငံက ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ရာဇဝတ်ကောင်တွေ အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်တယ်၊ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘာတစ်ခုမှလုပ်လို့မရဘူး၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ကာကွယ်ပေးနေတယ်၊ အဲဒီအတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က တဖက်မှာတာဝန်ရှိနေတယ်၊ စစ်တပ်က ဒီလောက်ထိ လူတွေကိုမတရား ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ လူကလေးတွေကိုဗျာ အရှင်လတ်လတ် မီးရှို့တယ်၊ အသက်ကြီးတဲ့ လူအိုတွေကိုလည်း အရှင်လတ်လတ် မီးရှို့လိုက်တယ်၊ မိန်းကလေးတွေကို မုဒိန်းကျင့်တယ်၊ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က မဖြစ်ပါဘူးဆိုပြီး ဘာတစ်ခုမှ အကာအကွယ်ပေးမှု မရှိဘူးဗျ၊ နိုင်ငံတော်ကို အုပ်ချုပ်တယ်ဆိုရင် တာဝန်ခံမှု၊ တာဝန်ယူမှုတော့ရှိရမယ်"

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းရေးအတွက် ကုလ လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှား နိုင်ငံတွေက ဗီတိုအာဏာနဲ့ ပယ်ချနိုင်တဲ့အချက်ကို ဘယ်လို သဘောထားသလဲ လို့ ကိုထွန်းခင်ကို မေးမြန်းရာမှာတော့

"အမြဲတမ်းအဖွဲ့ဝင်မဟုတ်ရင်လည်း အိုင်စီစီမှာတင်လို့ အဖွဲ့ဝင်ရှိရင်လည်း လက်မှတ်ထိုးထားတဲ့ သူ့ရဲ့တစ်ဖွဲ့က မြန်မာအစိုးရကို တရားစွဲလို့ရပါတယ်ခင်ဗျ၊ အဲဒီလမ်းကြောင်းတွေလည်း အများကြီးရှိတယ်"

မြန်မာ အမေရိကန် မွတ်ဆလင်အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ အဲဒီ ညီလာခံကို ရခိုင်ပြည်နယ် ရိုဟင်ဂျာ သမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ဝါကာ အူဒင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရိုဟင်ဂျာ လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်၊ လန်ဒန်အခြေစိုက် မြန်မာရိုဟင်ဂျာများအသင်း ဥက္ကဋ္ဌ ကိုထွန်းခင် နဲ့ တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ကိုဌေးလွင်ဦး စသူတွေ တက်ရောက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။