ရိုဟင်ဂျာနေရပ်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်းဖို့ HRW ပြော
2023.05.18

ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ကြား ပူးပေါင်းလုပ်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ရပ်ဆိုင်းဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ရှေ့ပြေးစီမံကိန်းအနေနဲ့ ရိုဟင်ဂျာအယောက် ၁၁ဝဝ ကို စစ်ကောင်စီက ဒီမေလထဲမှာ ပြန်ခေါ်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ HRW က မေလ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။
ကုလသမဂ္ဂအပါအဝင် ရိုဟင်ဂျာအရေးကူညီပေးနေတဲ့ နိုင်ငံတွေအနေနဲ့လည်း ဒီနေရပ်ပြန်ပို့ရေးအစီအစဉ် ဖျက်သိမ်းရေး ဝိုင်းတောင်းဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ရှိနေတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ပြန်ပို့တာဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် ဒုက္ခရောက်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ HRW ရဲ့ အာရှသုတေသီ Shayna Bauchner က ပြောကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။
ဒီနေရပ်ပြန်ပို့ရေးကိစ္စမှာ တရုတ်အစိုးရလည်း ပါဝင်ပတ်သက်နေပြီး တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာစစ်ကောင်စီတို့ သုံးပွင့်ဆိုင်ဆွေးနွေးပြီး မိုးဦးမတိုင်ခင် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ သဘောတူထားတာပါ။
မြန်မာနိုင်ငံဘက်ရောက်ရင် ပြန်လည်နေရာချထားပေးမဲ့ မောင်တောမြို့နယ်က လှဖိုးခေါင်စခန်းနဲ့ ကောက်ချောင်းစခန်းတွေကို စစ်ကောင်စီက ဖိတ်ခေါ်ပြသခဲ့ပေမဲ့ အဲဒီစခန်းကို သွားကြည့်ခဲ့တဲ့ ရိုဟင်ဂျာတွေကလည်း ပြန်ဖို့ သင့်တော်တဲ့ အခြေအနေ မဟုတ်သေးဘူးလို့ ပြောကြပါတယ်။
အဲဒီပြန်လည်နေရာချထားရေးစခန်းတွေကို ပတ်ပတ်လည်ကာရံထားပြီး စစ်ကောင်စီဘက်က လုံခြုံရေးကင်းစခန်းတွေ ဝန်းရံထားတယ်လို့လည်း ပြောကြပါတယ်။
ရိုဟင်ဂျာတွေက ကိုယ့်နေရပ် ရခိုင်ပြည်နယ်ကို ပြန်ချင်ပေမဲ့ လွတ်လပ်စွာသွားလာခွင့်၊ လုံခြုံရေး၊ နိုင်ငံသားအခွင့်အရေးတွေ၊ မြေယာနဲ့ အသက်မွေးဝမ်းကျောင်းမှု အာမခံချက်တွေ ရှိမှသာ နေရပ်ပြန်မယ်လို့ ပြောထားကြပါတယ်။
ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်တွင်း လွတ်လပ်စွာသွားလာခွင့်မရတာကြောင့် ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်ချိန်မှာ မုန်တိုင်းရှောင်ဖို့ အခက်တွေ့ခဲ့ပြီး ရိုဟင်ဂျာအယောက်ပေါင်း ၄ဝဝ ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောထားပါတယ်။