နှစ်လအတွင်း ရိုဟင်ဂျာ ခြောက်သောင်းနီးပါး ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေး
2024.12.22

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ခြောက်သောင်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့နှစ်လအတွင်း ထပ်မံထွက်ပြေးလာကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ရိုဟင်ဂျာတွေကို ထပ်မံလက်မခံဖို့ မူအားဖြင့်ဆုံးဖြတ်ထားပေမဲ့ အကျင့်ပျက်ခြစားမှုတွေအပါအဝင် လမ်းကြောင်းအမျိုးမျိုးကနေ ထပ်မံရောက်လာတာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအကြံပေး Md. Touhid Hossain က ပြောကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြပါတယ်။
"အသစ်ရောက်လာတာကို ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ မူအရ ကျွန်တော်တို့ရပ်တည်ချက်ရှိပါတယ်။ ဘယ်သူမှ တရားဝင် ခွင့်မပြုပါဘူး။ နောက်တစ်ခုသတိထားရမှာက နယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေ ကြီးကြီးမားမား ရှိနေပါတယ်" လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအကြံပေးက ပြောခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာတွေဟာ လမ်းကြောင်းတစ်ခုတည်းကနေ ဝင်ရောက်နေတာမဟုတ်ဘဲ လမ်းကြောင်းများစွာကနေ ဝင်ရောက်နေတာကြောင့် ရပ်တန့်ဖို့လည်း အလွန်ခက်ခဲကြောင်းလည်း ပြောပါတယ်။
ရိုဟင်ဂျာတွေ ထပ်မံဝင်ရောက်လာနိုင်ခြေနဲ့ အလားအလာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ အများအပြားစိုးရိမ်နေသလို နောက်ထပ် ဝင်ရောက်လာမယ်လို့ မယုံကြည်ကြောင်းပြောပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲပြီး ထပ်မံဝင်ရောက်မှုမရှိအောင် စီမံချက်တွေ လုပ်ရမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအကြံပေးက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁ ဒသမ ၂ သန်းဝန်းကျင် ရှိနေပါတယ်။ အဲဒီလူတွေ နေရပ်ပြန်ပို့ရေး ဆောင်ရွက်နေတာတွေ တိုးတက်မှုမရသေးတဲ့အပြင် အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထိန်းချုပ်လိုက်တာကြောင့် အခြေအနေတွေဟာ ပိုရှုပ်ထွေးလာကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအကြံပေးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကို ၂၀၁၈ ခုနှစ်ကတည်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ စီစဉ်ဆောင်ရွက်ခဲ့ပေမဲ့ ဒီနေ့အချိန်ထိ တရားဝင် ပြန်လာသူမရှိသေးပါဘူး။