ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့်သူတွေကို ဇန်နဝါရီ ၂၂ ရက်နေ့ စတင်လက်ခံမည်
2017.12.13
ရခိုင်ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့ မှာစတင်ပြီး မြန်မာနိုင်ငံဘက်က ပြန်လည် စိစစ်လက်ခံသွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြောပါတယ်။
နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်း မိမိသဘောဆန္ဒအရ ပြန်လာလိုသူတွေကို စတင်စိစစ်လက်ခံသွားမှာ ဖြစ်တယ် လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
"စာချုပ်ချုပ်ဆိုသောနေ့မှ နှစ်လအတွင်းလို့ ပြောတဲ့အတွက်ကြောင့် စာချုပ်ချုပ်ဆိုတာ ၂၃ နိုဝင်ဘာဖြစ်တဲ့ အတွက်ကြောင့် ဇန်နဝါရီ ၂၂ က စပြီး လက်ခံလို့ရတဲ့ ရက်ပေါ့။ လက်ခံဖို့က သူတို့ရဲ့ သဘောတူညီချက်နဲ့ လာတဲ့သူကို လက်ခံရမှာလေ။ ကိုယ်တိုင်လာချင်ပါတယ်ဆိုတဲ့သူကို လက်ခံရမှာ။ အဲဒါတွေအတွက်ကို ကျနော်တို့ ပြင်နေပြီလေ"
ပြန်လာသူတွေကို မူလနေရာ ဒါမှမဟုတ် မူလနေရာနဲ့ အနီးစပ်ဆုံးနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်ထားပြီး တောင်ပြိုလက်ဝဲနဲ့ ငါးခူရ အနီးအနားမှာ နေထိုင်ခဲ့သူတွေကို ဦးစွာပြန်လည်လက်ခံဖို့ စီစဉ်ထားတယ် လို့ ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးအရ ကုန်းလမ်းက လာရောက်မယ်ဆိုရင် တောင်ပြိုလက်ဝဲနဲ့ နီးစပ်ပြီး ရေလမ်းက လာရောက်မယ်ဆိုရင် ငါးခူရနဲ့ နီးတာကြောင့် ပြန်လည်လက်ခံရေးစခန်းတွေကို အဲဒီနေရာတွေမှာ တည်ဆောက် ထားပြီး အဲဒီစခန်းတွေကတဆင့် မူလနေရပ်တွေကို ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
နေအိမ်ရှိသူတွေအနေနဲ့ မူလနေအိမ်တွေကို ပြန်နိုင်ပြီး နေအိမ်မီးလောင်သွားသူတွေအတွက် အစိုးရက စီစဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းနဲ့ လယ်ယာမြေ၊ သောက်သုံးရေ၊ တောတောင် အစရှိတဲ့ လုပ်ကိုင်စား သောက်လို့ရမယ့် နေရာတွေနဲ့ မဝေးအောင် စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။