မွတ်စလင် ဈေးဆိုင် ပိတ်သိမ်းတဲ့ကိစ္စ လက်မှတ်ကောက်ခံ


2016.04.20
rohingya-shop-620.JPG ရွှေတိဂုံဘုရားအနီးမှာ ဈေးရောင်းချတဲ့ အစ္စလာမ်ဘာသာဝင် ဈေးဆိုင်တချို့ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးမှာ ဈေးရောင်းချတဲ့ အစ္စလာမ်ဘာသာဝင် ဈေးဆိုင် ၃ ဆိုင်ကို သံဃာတချို့ က ဈေးမရောင်းဖို့ ပိတ်သိမ်းခဲ့သလို၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိခဲ့တာကြောင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ သာသနာရေးဝန်ကြီးဌာနက အရေးယူပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက အင်တာနက်အသုံးပြု သူတွေဆီကနေ လက်မှတ်တွေ ကောက်ယူနေပါတယ်။

ဗုဒ္ဓဟူးနေ့ညနေပိုင်းအထိ အင်တာနက် စာမျက်နှာပေါ်ကနေ ထောက်ခံလက်မှတ် ၅ဝဝ နီးပါး ရရှိပြီဖြစ်ပြီး ဒီနေ့မနက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို သွားရောက် တင်ပြသွားမှာဖြစ်ကြောင်း လက်မှတ်တွေ ကောက်ယူနေတဲ့ လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေး စင်တာက ဒါရိုက်တာ ကိုသက်ဆွေဝင်း က ပြောပါတယ်။

"မွတ်စလင်ဈေးသည်တွေဆီကနေပြီးတော့ ပစ္စည်းသိမ်းရုံတင်မဟုတ်ပဲနဲ့ ဘုန်းကြီးက ရိုက်ပါသွားတယ် ဆိုတဲ့အခါကျတော့ တော်တော်များသွားတယ်ဆိုပြီးတော့ ကျနော်လည်း ဒီတစ်ခေါက်မှာဝင်ပါဖြစ်တာ ၊ နိုင်ငံတကာမှာလည်း အဲ့လိုပဲ အစိုးရတစ်ခုကို တောင်းဆိုချက်တွေ လုပ်ခါနီးကျရင် အဲ့လိုဝဘ်ဆိုက်မှာ တင်ပြီးတော့ လက်မှတ်ကောက်ခံတာတွေ ကျနော်တို့လုပ်ဖြစ်တယ်၊ အခုထိကတော့ လက်မှတ် ၅ဝဝ လောက်ကတော့ရထားတယ်၊ ကျနော်တို့ မနက်ဖြန်မနက် ၉ နာရီလောက်ထိ ရထားတဲ့လက်မှတ်တွေ ကို ကျနော်တို့စုပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ သာသာနာရေးဝန်ကြီးကို ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ပေးဖို့အတွက် တောင်းဆိုမယ့်စာ ကျနော်တင်ထားပါတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့က ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်အနီးမှာ ဈေးရောင်းချနေတဲ့ အစ္စလာမ်ဘာသာဝင် ဈေးဆိုင် ၃ ဆိုင်ကို မျိုးချစ်ရဟန်းတော်များ သမဂ္ဂအဖွဲ့ဝင် သံဃာတော်တွေက ဈေးဆက် မရောင်းဖို့ တားဆီးခဲ့ပြီး ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

ဈေးမရောင်းချဖို့ သွားရောက် တားဆီးခဲ့တဲ့ မျိုးချစ်ရဟန်းတော်များ သမဂ္ဂအဖွဲ့က ဆရာတော် ဦးသုစိတ္တက တားဆီးရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး အခုလို မိန့်ကြားပါတယ်။

"ဦးဇင်းတို့ရဲ့ အထွတ်အမြတ်ထားတဲ့ ရွှေတိဂုံဘုရားကြီးမှာ ဒီလိုမွတ်စလင်တွေ ဈေးလာရောင်းတာကို ဦးဇင်းတို့က အပြစ်လို့မမြင်ဘူး၊ ဒါပေမဲ့ သူတို့လာရောင်းတဲ့အခါမှာ သူတို့က ဘူခါတွေခြုံလာတယ်၊ အဲဒီဘူခါသည်း ဦးဇင်းတို့က အန္တရာယ်ဝတ်စုံလို့မြင်တယ်၊ ဘူခါရဲ့အတွင်းထဲမှာ အမျိုးသမီးမှန်းမသိ၊ အမျိုးသားမှန်းမသိတဲ့ ဝတ်စုံကြီးတွေဝတ်ပြီးတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဦးဇင်းတို့ရဲ့ဘုရားကြီးကို ဗုံးခွဲသွားရင် ဘယ်သူတွေကမှ တာဝန်ယူမပေးနိုင်ဘူး၊ အဲ့ဒီအတွက် ရွှေတိဂုံဘုရားနားမှာ ဘူခါတွေခြုံတဲ့ မွတ်စလင်လူမျိုးတွေ လာရောက်ပြီး ကျူးကျော်ပြီးတော့ ဈေးရောင်းတာကို အလိုမရှိတဲ့အတွက် ဦးဇင်းတို့က ဒါကိုလုပ်ဆောင်သွားမှာပါ"

အဲ့ဒီကိစ္စ ပြေလည်မှုရဖို့အတွက် ဗဟန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ သာသနာရေးအဖွဲ့နဲ့ ဆရာတော် သံဃာတော်တွေ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နောက်နောင် သာသနာ့နယ်မြေတွေအနီးမှာ ဈေးမရောင်းချတော့ကြောင်း ဝန်ခံချက်နဲ့ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကလည်း ရန်ကုန်မြို့က မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနဲ့ မိုးကောင်းဘုရားပွဲတွေမှာ ဈေးရောင်း ချနေတဲ့ အစ္စလာမ်ဘာသာဝင်ဈေးသည်တွေကို ဈေးမရောင်းချဖို့ တားဆီးမှုတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။