သီရိလင်္ကာရောက် ရိုဟင်ဂျာတွေ ကုလရုံးပိတ်မှာစိုးရိမ်လို့ ဆန္ဒပြ
2024.01.02

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ သီရိလင်္ကာနိုင်ငံကို ထွက်ပြေးရောက်ရှိနေကြတဲ့ မြန်မာရိုဟင်ဂျာ ဒုက္ခသည်တချို့ဟာ ကိုလံဘိုမြို့က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရှေ့ကို ဇန်နဝါရီ ၂ ရက်နေ့က သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။
အခုနှစ်ကုန်ပိုင်းမှာ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ အဲဒီရုံးကို ကုလသမဂ္ဂက ပိတ်တော့မယ်ဆိုတဲ့ သတင်းပေါ်ထွက်နေတာနဲ့ပတ်သက်ပြီး လက်ရှိသူတို့ရရှိနေတဲ့ ထောက်ပံ့ငွေတွေ မရရှိတော့မှာကိုစိုးရိမ်တဲ့အတွက် အခုလို ဆန္ဒပြကြတာလို့ ဆိုပါတယ်။
အခုဆန္ဒပြကြသူတွေဟာ သီရိလင်္ကာနိုင်ငံရေတပ်က ပင်လယ်ပြင်ကနေ ကယ်တင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ဝဝ ခန့်မှာ ပါဝင်သူတွေပါ။
သူတို့ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့က ထောက်ပံ့နေသလို သီရိလင်္ကာအစိုးရကလည်း ကျန်းမာရေးဝန်ဆောင်မှု အနည်းငယ်ပေးထားပါတယ်။
ဒါပေမဲ့ ကလေးတွေအနေနဲ့ ပညာသင်ခွင့်မရရှိသလို လူကြီးတွေကိုလည်း အလုပ်အကိုင်လုပ်ခွင့်မပေးဘူးလို့ သိရပါတယ်။
ဒုက္ခသည်တွေက ကုလသမဂ္ဂ ဒုက္ခသည်ရုံးကို မနေ့က ပေးပို့တဲ့စာမှာ သူတို့ကို သီရိလင်္ကာနိုင်ငံကလည်း အမြဲတမ်းနေထိုင်ခွင့်ပေးဖို့ ငြင်းပယ်ထားတဲ့အတွက် သူတို့သားသမီးတွေဟာ ရာသက်ပန်တိုင်းပြည်မရှိသူတွေဖြစ်မဲ့အရေးကို ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် ကုလသမဂ္ဂတာဝန်ရှိသူတွေအနေနဲ့ သူတို့ကိုလက်ခံမဲ့ တတိယနိုင်ငံ တစ်ခုခုကို သွားရောက်အခြေချနေထိုင်ခွင့်ရရှိအောင် ကူညီပါလို့ မေတ္တာရပ်ခံထားပါတယ်။
ရိုဟင်ဂျာတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး UNHCR ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။