ရသေ့တောင်က ရိုဟင်ဂျာတွေ အုပ်ချုပ်ရေးမှူး ထောက်ခံစာမရလို့ ခရီးသွားလာဖို့ ခက်ခဲနေ

RFA Burmese
2022.12.17
ရသေ့တောင်က ရိုဟင်ဂျာတွေ အုပ်ချုပ်ရေးမှူး ထောက်ခံစာမရလို့ ခရီးသွားလာဖို့ ခက်ခဲနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းကို သွားရောက်ကြတဲ့ ရိုဟင်ဂျာများကို ၂၀၁၇ အောက်တိုဘာ ၁၀ ရက်နေ့က တွေ့ရစဉ်။
AFP

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ဒေသခံ ရိုဟင်ဂျာတွေကို ခရီးသွားလာခွင့်နဲ့ နေထိုင်ကြောင်းထောက်ခံစာ မပေးတော့တာကြောင့် ကျန်းမာရေးကိစ္စအပါအဝင် ခရီးသွားလာဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက RFA ကိုပြောပါတယ်။

ရသေ့တောင်မြို့နယ်ထဲမှာ တစ်နေရာနဲ့ တစ်နေရာသွားလာဖို့နဲ့ ကျန်းမာရေးအတွက် ဆေးကုသဖို့ လိုအပ်တဲ့အခါ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံစာရမှ သွားလာခွင့်ရှိတာပါ။

ဒါပေမဲ့ အခုနှစ် ဒီဇင်ဘာလ ပထမပတ်ကစပြီး ထောက်ခံစာမပေးတော့တာလို့ ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးအုပ်စုထဲမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ကျနော်တို့ တစ်နေရာနဲ့ တစ်နေရာသွားဖို့ အုပ်ချုပ်ရေးမှူး ထောက်ခံစာလိုတယ်။ အခု အဲဒါမပေးတော့ဘူး။ ကျနော်တို့ဆို ဆေးကုရင် စစ်တွေကိုသွားရတာ။ ထောက်ခံစာ မရလို့ မသွားရဘူး။ အစိုးရဆေးရုံတွေမှာ သွားဆေးကုလို့ မရဘူး။ တိုက်နယ်ဆေးရုံမှာ ဆရာဝန် ရှိတယ်။ တစ်ပတ်မှ တစ်ခါပဲလာထိုင်တော့ အဆင်မပြေဘူးလေ။ အုပ်ချုပ်ရေးမှူးကတော့ ပေးလို့အဆင်မပြေလို့ပါဆိုပြီး ပြောတယ်”

ညောင်ပင်ကြီးရွာ အုပ်ချုပ်ရေးမှူးကတော့ ဒေသခံတွေကို ထောက်ခံစာပေးတာ အခက်အခဲမရှိဘူးလို့ RFA ကိုပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လကနေ နိုဝင်ဘာလနောက်ဆုံးပတ်အထိ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ရသေ့တောင်မြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတချို့ အခုဒီဇင်ဘာလ ဒုတိယပတ်ထဲမှာပဲ နုတ်ထွက်စာတင်တာ ရှိလာတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ လက်မှတ်ပါတဲ့ စာရွက်စာတမ်းတွေနဲ့ တံဆိပ်တုံးတွေကို AA က သိမ်းဆည်းထားတာကြောင့် ထောက်ခံစာပေးလို့မရဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာ တင်ကြတာလို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသခံရိုဟင်ဂျာတွေ ထောက်ခံစာမရတဲ့ ကိစ္စအပေါ် စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာက ဒေသခံ ၁၁ ဦးကို စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့ပြီးနောက် ခမောင်းတော၊ အောင်မြေကုန်း၊ စပါးထား၊ ကံချောင်း၊ ငှက်ကြီးကျွန်း၊ တန်းခိုး စတဲ့ရွာတွေ အပါအဝင် အနီးအနားရွာတွေက အုပ်ချုပ်ရေးမှူး ၇၀ ကျော် နုတ်ထွက်စာ တင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။