လှိုင်သာယာမြို့အဝင် တံတားသုံးစင်းကို စစ်တပ် ယာယီပိတ်ဆို့စစ်ဆေးခဲ့ကြောင်း မြို့ခံတွေပြော

RFA Burmese
2024.04.19
လှိုင်သာယာမြို့အဝင် တံတားသုံးစင်းကို စစ်တပ် ယာယီပိတ်ဆို့စစ်ဆေးခဲ့ကြောင်း မြို့ခံတွေပြော ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အဝင် တံတားများအား လုံခြုံရေးတပ်ဖွဲ့များမှ ပိတ်ဆို့စစ်နေတာကြောင့် ကားများပိတ်နေသည်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ညပိုင်းက တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ကိုဝင်တဲ့ တံတား သုံးစင်းကို ဧပြီလ ၁၉ ရက်နေ့ညနေ ခြောက်နာရီဝန်းကျင်ကနေ ရှစ်နာရီလောက်အထိ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ ပိတ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီတံတားတွေမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက အိမ်စီးကားအသေးတွေကို စစ်ဆေးမေးမြန်းခဲ့ပြီး ကုန်ကားအကြီးတွေကိုတော့ စစ်ဆေးတာတွေ မလုပ်ဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

ဗုံးပေါက်တယ်လို့ သတင်းတွေကြားပေမဲ့ ဘာကြောင့် အခုလိုပိတ်တာလဲဆိုတာ အတိအကျမသိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

"တံတားတွေပိတ်တယ်၊ ဒီညနေကတောင်မှ ခုနမှ ပြန်ရောက်တာ၊ တံတားတွေပိတ်ထားတော့ လမ်းတွေပိတ်နေလို့၊ တံတားက သုံးခုလုံးပိတ်တာ၊ စော်ဘွားကြီးကုန်းမှာဆိုရင် လမ်းလေးခွလုံးပိတ်တာ၊ ဘာကြောင့်ပိတ်လည်းဆို ဗုံးပေါက်တယ်လို့တော့ ကြားတာပဲ၊ ကျွန်တော်တော့ မတွေ့ခဲ့ပါဘူး၊ ညနေ ခြောက်နာရီလောက်ပိတ်တယ်၊ ခုနစ်နာရီခွဲကျော်လောက်မှ ပြန်ဖွင့်တယ်"

လှိုင်သာယာမြို့နယ်မှာ သင်္ကြန်ပြီးကတည်းက လှိုင်သာယာအဝင်တံတားတွေနဲ့ စက်မှုဇုန်အဝင်တွေမှာ စစ်ကောင်စီဘက်က ဂိတ်တွေချ စစ်ဆေးနေပြီး အရင်ကထက် ပိုပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

ဒီလှိုင်သာယာအဝင်တံတားတွေဖြစ်တဲ့ မရမ်းကုန်းမြို့နယ်က ဘုရင်နောင်တံတား၊ အင်းစိန်မြို့နယ်က အောင်ဇေယျတံတားနဲ့ ရွှေပြည်သာမြို့နယ်က ရွှေပြည်သာ တံတားတွေကို ဘာကြောင့်ပိတ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီတံတားတွေအပြင် မင်္ဂလာဒုံလေဆိပ်ကိုလည်း ယာယီပိတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဘာကြောင့်ဆိုတာကိုတော့ အတိအကျမသိရပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရန်ကုန်တိုင်း စစ်ဆင်ရေးတာဝန်ခံ ကိုဒီငြိမ်းလင်းကတော့ ရန်ကုန်မှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ဆင်ရေးဆောင်ရွက်တာမျိုးမရှိဘဲ စစ်ကောင်စီက ပိတ်ဆို့ရှာဖွေတဲ့ပုံစံမျိုးသာဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ဒီသတင်းတွေအပေါ် တစ်စုံတရာ ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ ဥပဒေချုပ် ဦးဌေးအောင်ကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။