စစ်ကောင်စီ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသား ၉၁ ယောက် ပါဝင်

RFA Burmese
2024.04.17
စစ်ကောင်စီ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသား ၉၁ ယောက် ပါဝင် စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ရန်ကုန်တိုင်း အင်းစိန်ထောင်က လွတ်မြောက်လာသူများကို အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းကြိုဆိုသူများအား ၂၀၂၄ ခုနှစ် ဧပြီ ၁၇ ရက်နေ့က တွေ့ရစဉ်။
RFA

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၉၁ ယောက် ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ပြောပါတယ်။

ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေကနေ အကျဉ်းကျနေသူ ၃,၃၀၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာ နှစ်ရှည်ထောင်ကျနေသူတွေမပါသလို နိုင်ငံရေးအကျဉ်းသားဦးရေ နည်းလွန်းတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အခုထိ (ည ၉နာရီခွဲအထိ) ကျွန်တော်တို့ပြုစုထားတဲ့စာရင်းတွေအရ လူဦးရေ တစ်ရာကို မပြည့်သေးဘူးပေါ့နော်။ တစ်ချို့အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားမပါဝင်တဲ့ထောင်တွေလည်း ကျွန်တော်တို့တွေ့ရတယ်။ အခုထိ အကျဉ်းထောင် ၁၅ ထောင်ကို လေ့လာစောင့်ကြည့်စုံစမ်းရာမှာ နိုင်ငံရေးအကျဉ်းသားက တစ်ရာဝန်းကျင်လောက်ပဲပါလာတာတွေ့ရတယ်။ အချိုးအားဖြင့်ဆိုရင် ငါးရာခိုင်နှုန်းတောင်မပါဘူးပေါ့နော်။ ဒီလိုမျိုးတော့ ပြောချင်တယ်ဗျ။ ငါးရာခိုင်နှုန်းဆိုရင်တောင် အနည်းဆုံးတစ်ရာ့ငါးဆယ်ပါရမယ့်ကိစ္စပေါ့နော်။”

(PPNM) စာရင်းတွေအရ အကျဉ်းထောင် ၁၅ ခုထဲက လွတ်မြောက်လာသူတွေထဲမှာ ဒိုက်ဦးထောင်က ရှစ်ဦး ၊ စစ်တွေထောင်က ၁၀ ဦး ၊ အင်းစိန်ထောင်က ၁၈ ဦး ၊ မြင်းခြံထောင်က ခုနစ်ဦး ၊ ရမည်းသင်းထောင်က ၁၉ ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉၁ ဦး လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

ဒီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း၊ နေပြည်တော် ဒက္ခိဏသိရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းတို့ ပါဝင်ပါတယ်။

အကျဉ်းထောင်ကနေ လွတ်ရက်ပြည့်ခါနီးသူတွေကိုသာ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

အကျဉ်းက လွတ်မြောက်လာသူတွေအတွက်တော့ ဝမ်းသာပါတယ်။ အခုလွတ်လာတဲ့ ကျွန်တော်တို့ပါတီဝင်တွေက ကျွန်တော်သိရသလောက် လွတ်နားနီးတဲ့သူတွေဖြစ်ပါတယ်။ သူတို့ မတရားဖမ်းဆီးခံထားရတဲ့ထောင်ဒဏ်ပြည့်ခါနီး ရက်ပိုင်းလောက်ပဲကျန်နေတဲ့သူတွေလို့ သိရပါတယ်။ တကယ်ဆိုရင် ဒီစစ်အာဏာသိမ်းတာကို မလိုလားလို့ဆန့်ကျင်ကန့်ကွက်ကြတဲ့ မတရားဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေ အားလုံးချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ဒီလိုအခါကြီးရက်ကြီးတွေမှာတခြားအကျဉ်းသားတွေနဲ့ရောပြီးတော့ စတိလောက်လွှတ်လောက်ရုံနဲ့တော့သူတို့ သဘောထားပျော့ပြောင်းလာတယ်ဆိုပြီးတော့ ဘယ်သူပြည်သူတစ်ဦးတစ်ယောက်မှ သူတို့အပေါ်ထားတဲ့သဘောထားကတော့ ပြောင်းသွားမယ်လို့ မထင်ပါဘူး။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁,၂၆၉ ဦးရှိပြီး အဲဒီထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၆၅ ဦးပါဝင်ပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၁၂ ရက်နေ့ထိ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသူ (၂၆,၅၂၄ဦး ) နှစ်သောင်းကျော်ရှိပြီး (၈,၉၄၀ ဦး) တစ်သောင်းနီးပါးဟာ ထောင်ဒဏ်တွေချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။