ထိုင်း မြန်မာနယ်စပ် ရွှေဝါရောင် (၄)နှစ်ပြည့် အခမ်းအနား
2011.09.26

(Photo: AFP)
ဒီအခမ်းအနားကို ၂၀၀၇ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအတွင်း ပါဝင်ခဲ့တဲ့ သံဃာတော်တွေနဲ့ ကျောင်းသား လူငယ်တွေ စုပေါင်းပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ရွှေဝါရောင် တော်လှန်ရေးနေ့ (၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ထိုင်နိုင်ငံ မဲဆောက်မြို့မှာ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာ တာဝန်ခံ ဦးဣသာရိယက အခုလိုမိန့်ပါတယ်။
“အထဲမှာ သံဃာတော်တွေ ၂၀၀၇ကနေပြီးတော့ အကျဉ်းကျနေတာ ယနေ့ အချိန်ထိပေါ့ (၄)နှစ်ရှိပြီ၊ အပါး (၂၆၀) ကို ပြန်လွှတ် မပေးသေးဘူး။ ဒီသံဃာတော်တွေဟာ တနိုင်ငံလုံးရဲ့ အရေးအတွက် သူတို့ဟာ ထောင်ကျခံနေကြ ရတယ်”
ရန်ကုန်တိုင်းအတွင်းက မဂ္ဂင်ကျောင်းတိုက် အပါအဝင် ဘုန်းကြီးကျောင်းပေါင်း (၂၀)ကျော်ကို အခု အစိုးရ လက်ထက်အထိ ချိတ်ပိတ်ထားဆဲ ဖြစ်တယ်လို့ ဦးဣသာရိယက မိန့်ကြားခဲ့ပါတယ်။
ရွှေဝါရောင် တော်လှန်ရေးရဲ့ ဦးဆောင် သံဃာတော်ဖြစ်တဲ့ အရှင်ဂန္ဘီရဟာ ထောင်ဒဏ် (၆၃)နှစ် နဲ့ မန္တလေး ဆရာတော် ဦးခေမိန္ဒဟာ ထောင်ဒဏ် (၃၅)နှစ် အကျဉ်းကျ ခံနေရဆဲ ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ သံဃာတော် (၁၂) ပါး အပါအဝင် ရွှေဝါရောင် တော်လှန်းရေးကို စိတ်ဝင်စားသူ စုစုပေါင်း (၁၀၀) နီးပါး တက်ရောက် ခဲ့ကြပါတယ်။
အလားတူ ထိုင်း မြန်မာ နယ်စပ် အုန်းပျန့် ဒုက္ခသည် စခန်းတွင်းမှာလည်း ရွှေဝါရောင် တော်လှန်ရေး (၄)နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ မေတ္တာသုတ် ရွတ်ဖတ်ပြီး အခမ်းအနား ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ဦးပညာနိဒ္ဒရက မိန့်ပါတယ်။
ဒီအခမ်းအနားမှာ ၂၀၀၇စက်တင်ဘာ ရွှေဝါရောင် တော်လှန်းရေးအတွင်း ပါဝင်ခဲ့တဲ့ သံဃာတော်တွေအပြင် ဒုက္ခသည် စခန်းဝန်ကျင်းက သတင်းသုံး နေထိုင်တဲ့ သံဃာတော်တွေပါ ကြွရောက်ခဲ့လို့ သံဃာအပါး (၁၀၀)နီးပါး ပါဝင်ခဲ့ပြီး စုစုပေါင်း ဧည့်ပရိသတ် (၁၀၀၀)ကျော် တက်ရောက်ခဲ့ပါတယ်။
၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးဟာ ပခုက္ကူ သံဃာတော်တွေကနေ ပြည်သူတွေရဲ့ စားဝတ်နေရေး အထွေထွေ အကျပ်အတည်းတွေကနေ ကင်းအောင်ဆိုတဲ့ ရွယ်ချက်နဲ့ စီတန်းကြွချီ မေတ္တာသုတ် ရွတ်ဖတ်တာကို အာဏာပိုင်တွေဘက်က အကြမ်းဖတ် ဖြိုခွဲခဲ့ရာက စတင်ခဲ့တာ ဖြစ်ပါတယ်။