ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းဝင်ပြီးနောက် ဒေသခံ နှစ်ဦးသတ်ဖြတ်ခံရ

RFA Burmese
2023.06.22
ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းဝင်ပြီးနောက် ဒေသခံ နှစ်ဦးသတ်ဖြတ်ခံရ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသည့် ညောင်ပင်ကြီးရွာကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာမှာ အင်အား ၈၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ကျေးရွာသား နှစ်ဦးကိုလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူနှစ်ဦးဟာ အသက် ၃၀ အရွယ် ကိုကျော်မင်းခိုင်နဲ့ ကျန်းမာရေး မကောင်းတဲ့ အသက် ၇၀ ကျော် အရွယ် ဒေါ်တင်ရွှေတို့ ဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၁၉ ရက်နေ့က တွေ့ခဲ့ရတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကြောင်းတွေက ဇွန်လ ၁၇ ထဲက ရွာကိုဝင်တာ အခုထိ ရှိသေးတယ်။ နေအိမ်တွေလည်း မီးရှို့တာပေါ့၊ ကိုကျော်မင်းခိုင် အလောင်းကိုကျ ရွာရဲ့တောင်ဘက် ထန်းတောထဲမှာ တွေ့တယ်။ ဒေါ်တင်ရွှေရဲ့ အလောင်းကျတော့ ရွာထဲက သူ့နေအိမ် အပြင်ဘက်မှာ တွေ့တာပါ။ အလောင်းနှစ်ခုစလုံးမှာ သေနတ်ဒဏ်ရာတွေ ပါပါတယ်။ ပစ်သတ်ခံထားရတာပါ။ ရုပ်အလောင်းတွေကိုတော့ မီးသင်္ဂြိုဟ်ပြီးပါပြီ"

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မုံရွာမြို့တစ်ဖက်ကမ်း ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းတွေက ရွာကို ဝင်ရောက်စီးနင်းတာတွေ ရှိနေတာလို့ သူကဆိုပါတယ်။

ညောင်ပင်ကြီးရွာမှာ နေအိမ် မီးရှို့ခံရတာတွေလည်း ရှိနေပြီး စစ်ကောင်စီတပ်က ရွာအတွင်းမှာ ဒီနေ့အထိ ရှိနေသေးလို့ အခြေအနေ အသေးစိတ် မသိရသေးဘူးလို့လည်း သူကပြောပါတယ်။

ညောင်ပင်ကြီး ကျေးရွာအုပ်စုမှာ ထန်းတောရွာ၊ သိမ်တော်ရွာနဲ့ သုံးဆူ ရပ်ကွက် အပါအဝင် ရွာခုနစ်ရွာ၊ အိမ်ခြေ ၁၃၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။