ဆားလင်းကြီး NLD အတွင်းရေးမှူး ဖမ်းဆီးခံရပြီးပျောက်နေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးဝင်းခိုင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံရပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်နေတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
ဦးဝင်းခိုင်ဟာ လက်ဖက်ရည်ဆိုင် ထိုင်နေချိန် ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း မုံရွာကဆိုပြီး စစ်သားတွေရောက်လာပြီး ဖမ်းတာ။ ဆိုင်ထဲမှာ ဒူးထောက်ထားဆိုပြီး အင်အား ၂၀ ကျော်လောက်နဲ့ ဖမ်းသွားတာ။ သတင်း ပေးသူရှိလို့ နာမည်အတိအကျနဲ့ ဖမ်းသွားတာ။ အဆက်သွယ်မရတော့ မိသားစုတွေ၊ မိတ်ဆွေတွေလည်း စိတ်ပူနေကြတယ်။ သူတို့က သိတဲ့အတိုင်းပဲလေ ဖမ်ခံလိုက်ရပြီ ဆိုရင် အသက်အန္တရာယ်ပါ စိုးရိမ်ရတာကိုး။ ဘာမှလည်းမလုပ်ဘဲနဲ့ ဖမ်းသွားတာ"
ဒီနေ့မှာတော့ သူ့ရဲ့နေအိမ်ကို ရောက်ရှိလာပြီး ပါတီအလံကိုပါ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
ဦးဝင်းခိုင်ရဲ့ ဇနီးဖြစ်သူဟာလည်း NLD ပါတီရဲ့ မြို့နယ်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ တာဝန် ယူထားသူဖြစ်လို့ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ပေါင်း ၆၈၆ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ပါတီ ဗဟိုအလုပ်ကော်မတီက ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။