မန္တလေးမြို့ စပါးနှံတာယာစက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြ


2013.11.20

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းမှာရှိတဲ့ ‘စပါးနှံ’ တာယာစက်ရုံက အလုပ်သမား ၃၀၀ ကျော်ဟာ  လစာငွေ နှစ်သောင်းကျပ်တိုးပေးဖို့နဲ့ တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ပေးဖို့ ဒီနေ့မနက်ပိုင်းကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

အဲဒီပြဿနာတွေကို ခုံသမာဓိကောင်စီက ဖြေရှင်းပေးတာဟာ သူတို့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်းမဟုတ်တဲ့အတွက် အခုလိုဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုဝင်းဇော်ဟိန်းက ပြောပါတယ်။

“လစာငွေ နှစ်သောင်းကျပ်နဲ့ တနင်္ဂနွေပိတ်ရေးကို မရလို့ နှစ်ဦးနှစ်ဖက် ပြေလည်လိုပြေလည်ငြား ညှိရင်းကနေ နှစ်လကျော်သွားတယ်၊ တိုင်းခုံသမာဓိက ၁၁ လပိုင်း ၁၁ ရက်နေ့က ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရရဲ့ အနည်းဆုံးလစာလည်း မထွက်သေးတဲ့အတွက် ဒီကြားထဲမှာ အလုပ်ရှင်နဲ့ အလုပ်သမားပဲ ဆောင်ရွက်သင့်ပါတယ်လို့ ယူဆချက်ပဲထည့်ပေးလိုက်တယ်၊ ကျနော်တို့အနေနဲ့ သည်းခံနိုင်တဲ့ အခြေအနေမရှိတော့လို့ အလုပ်သမားဥပဒေအရ ဥပေဒဘောင်ထဲက ဆန္ဒပြတာပါ”

အခုလက်ရှိ ‘စပါးနှံ’ တာယာစက်ရုံမှာ အလုပ်သမားတွေဟာ တစ်လကိုကျပ် ကိုးသောင်း လုပ်ခလစာရရှိနေပြီး ကျပ်နှစ်သောင်းတိုးပေးဖို့နဲ့ တနင်္ဂနွေကိုပိတ်ပေးဖို့ အလုပ်ရှင်ဆီမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက တိုက်ရိုက်တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတွေ ဒီနေ့ တောင်းဆိုဆန္ဒပြနေတဲ့အပေါ် အလုပ်ရှင်ဘက်က ညှိနှိုင်းဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ ‘စပါးနှံ’ တာယာစက်ရုံအုပ်ချုပ်ရေးမှူး ဦးမောင်မောင်က RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။