ဆားလင်းကြီးက စစ်ဘေးဒုက္ခသည် သုံးသောင်းကျော် စားနပ်ရိက္ခာလိုအပ်နေ
2023.01.31

စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒေသခံ သုံးသောင်းကျော်ရှိပြီး သူတို့အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေပြီလို့ ဆားလင်းကြီးမြို့ခံတွေနဲ့ ကူညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည် များလာတာနဲ့အမျှ ကူညီရေးအဖွဲ့တွေအတွက် အခက်အခဲတွေ ကြုံလာရပြီး လက်ရှိ ဆန်၊ ဆီ၊ ဆား၊ ငါးပိနဲ့ ပဲတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့တစ်ခုက RFA ကို ပြောပါတယ်။
“အဓိကလိုအပ်တာကတော့ ဆန်၊ ဆီ၊ ဆား၊ ငါးပိတို့၊ ပဲတို့ပေါ့။ ဟင်းမရှိရင် ငါးပိက ကြော်စားလည်းရတယ်။ ဆန်တွေကလည်း စျေးတွေမတရားကြီးသလို ဝယ်ဖို့လည်း မလွယ်တော့ဘူး။ စစ်ကောင်စီ တပ်တွေကလည်း စစ်ကြောင်းတွေဝင်တဲ့အခါတိုင်း ဆန်တွေ၊ စပါးတွေကို အဓိကထားမီးရှို့ကြတာ။ ပြေးတဲ့ဒေသခံတွေကလည်း နိုင်သမျှယူပြီး ပြေးရတာဆိုတော့ ရက်တွေကြာလာတော့ စားစရာတွေက မရှိသလောက်ဖြစ်လာနေတယ်။ ရှောင်ရတဲ့ ရွာတွေမှာလည်း ကျွေးရတာ အခက်အခဲတွေ ရှိလာတယ်”
ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေပါတာကြောင့် အခြေခံဆေးဝါးတွေပါ လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဆားလင်းကြီးမြို့၊ လက်ပံတောင်းတောင် တရုတ်ကြေးနီစီမံကိန်း အနီးမှာရှိတဲ့ ဘင်္ဂါး၊ ဖောင်းကတာ၊ ကျောက်ဖြူတိုင်၊ ကိုင်းရွာနဲ့ မိုးကြိုးပြင် (မြောက်) စတဲ့ရွာတွေ က နေအိမ် ၂၀၇ လုံးကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ကလည်း ဝမ်ပေါင်ကုမ္ပဏီထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက အနီးအနားရွာတွေကို စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ ခဲ့တာကြောင့် ရွှေလှေ၊ လက်ပံတောင်း၊ ဝဲကြီး၊ ဝဲကွဲ၊ နတ်ကျွန်းတောင်၊ နတ်စက်၊ ခံကုန်း၊ ထန်းဇင်၊ ထန်းပု၊ မယ်ဇလီကန်၊ လက်ပံကျွန်း၊ တောကျောင်း၊ ဆားထုံး စတဲ့ ရွာတွေက ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့ကလည်း ဆားလင်းကြီးမှာရှိတဲ့ ရွာသာ၊ ဒုံးတော၊ ဂုဏ်တောနဲ့ ကံကုန်းရွာက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးခဲ့ရပြီး ၂၈ ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲဖြစ်တာကြောင့် နောက်တစ်နေရာ ထပ်မံထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန် ဖြေဆိုတာမရှိပါဘူး။
ဒါပေမဲ့ လုံခြုံရေးအခြေအနေတွေကို ထုတ်ပြန်လေ့မရှိဘူးလို့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က RFA ကို အရင်က ဖြေဆိုဖူးပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ဇန်နဝါရီလ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ အာဏာ သိမ်း နှစ်နှစ်နီးပါးအတွင်း နေအိမ်နဲ့ အဆောက်အအုံ ၄၃,၂၁၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်း တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ ဒေသခံခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။