ထိုင်း-အမေရိကန် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာမပါ

2022.02.04
ထိုင်း-အမေရိကန် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာမပါ ၂ဝ၂ဝ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ Chon Buri ပြည်နယ်တွင် ပြုလုပ်သော ထိုင်း-အမေရိကန် Cobra Gold စစ်ရေးလေ့ကျင့်မှုတစ်ခု။
Photo: Rakkanam/BenarNews

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ စတင်မယ့် ၄၁ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ်ကို လေ့လာသူအဖြစ် တက်ရောက်ခွင့် မပြုဘူးလို့ ထိုင်းစစ်တပ်အရာရှိတွေက ပြောလိုက်ပါတယ်။

နှစ်စဉ်ကျင်းပတဲ့ Cobra Gold စစ်ရေးလေ့ကျင်မှုကို လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ ပုံမှန်အားဖြင့် ဆယ်နိုင်ငံကို ဖိတ်ကြားလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဖိတ်ကြားမှာ မဟုတ်ကြောင်း ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်တဲ့ ထိုင်း-အမေရိကန် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာစစ်တပ် ပါဝင်နိုင်အောင် စီစဉ်ဖို့ အချိန်အလုံအလောက် မရှိဘူးလို့ ထိုင်းစစ်တပ် ဒု-ဗိုလ်ချုပ်ကြီး Chitchanok Nujjaya က ပြောပါတယ်။ ဒါဟာ ထိုင်းနဲ့အမေရိကန် ပူးတွဲဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေကို မြန်မာနယ်စပ်အနီးမှာ ပြုလုပ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ ထိုင်းပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနာတာပိုလ်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံ မိုက်ကယ်ဟက် တို့က သတင်းစာ ရှင်းလင်းပွဲမှာ ငြင်းဆိုသွားကြပါတယ်။

တဆက်တည်းမှာပဲ ဒီစစ်ရေးလေ့ကျင့်မှုကို အကြောင်းပြပြီး မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို အမေရိကန်က လက်နက်ထောက်ပံ့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း ငြင်းဆိုသွားပါတယ်။

နှစ်စဉ် ထိုင်းနဲ့အမေရိကန် ပူးတွဲကျင်းပတဲ့ Cobra Gold စစ်ရေးလေ့ကျင့်ပွဲမှာ ထိုင်း၊ အမေရိကန်၊ စင်္ကာပူ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ မလေးရှား စတဲ့နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ ပါဝင်လေ့ကျင့်ကြပြီး လေ့လာသူတွေအဖြစ် ဆယ်နိုင်ငံစစ်တပ်တွေကို ဖိတ်ကြားလေ့ရှိတာပါ။ ၂၀၁၃ ခုနှစ်ကစပြီး မြန်မာစစ်တပ်ကို လေ့လာသူအဖြစ် စပြီး တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

အခုနှစ်အတွက် စစ်ရေးလေ့ကျင့်မှုကို ကိုဗစ်ကပ်ရောဂါကြောင့် တပ်ဖွဲ့ဝင်အင်အား ၉ဝဝဝ ကနေ ၃၅ဝဝ လောက်အထိ လျှော့ချထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။