ကျားဖြန့်လုပ်ငန်းတွေက အိန္ဒိယနဲ့ မလေးရှားနိုင်ငံသား သုံးရာနီးပါးကို BGF ပြန်လွှဲ

RFA Burmese
2025.03.11
ကျားဖြန့်လုပ်ငန်းတွေက အိန္ဒိယနဲ့ မလေးရှားနိုင်ငံသား သုံးရာနီးပါးကို BGF ပြန်လွှဲ ကရင်ပြည်နယ် မြဝတီမြို့နယ် ကျားဖြန့်လုပ်ငန်းများတွင် စစ်ဆေးတွေ့ရှိထားသည့် အိန္ဒိယနိုင်ငံသားများအား အိန္ဒိယ သံအမတ်အဖွဲ့မှ ၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်နေ့က လွှဲပြောင်းလက်ခံနေစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့နယ်က တရုတ်လောင်းကစားရုံနဲ့ ငွေလိမ်လုပ်ငန်းတွေကနေ စစ်ဆေးတွေ့ရှိထားတဲ့ အိန္ဒိယနဲ့ မလေးရှားနိုင်ငံသား သုံးရာနီးပါးကို မတ်လ ၁၁ရက်နေ့မှာ ကရင်နယ်ခြားစာင့်တပ်ဖွဲ့ (BGF)က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား အမှတ်( ၂) ကနေ သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေဆီကို လွှဲပြောင်းပေးလိုက်ပါတယ်။

ဒီနေ့ ပြန်လွှဲပေးတဲ့အထဲမှာ အိန္ဒိယနိုင်ငံသား ၂၆၆ ဦးနဲ့ မလေးရှားနိုင်ငံသား ၂၄ ဦးပါဝင်တယ်လို့ BGF သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"အိန္ဒိယနိုင်ငံသား ၂၆၆ ယောက်က သူတို့ အိန္ဒိယ သံအမတ်အဖွဲ့၊ စစ်သံအဖွဲ့ စစ်သုံး လေယာဉ်နဲ့ လာခေါ်တယ်၊ မလေးရှားက ၂၄ ယောက်က Express(အမြန်ယာဉ်) ကားနဲ့ ထိုင်း-မလေး နယ်စပ် ဟတ်ရိုင်မြို့ကို ပို့ဖို့ မလေး သံရုံးက လာခေါ်တယ်"

မတ်လ ၁ဝ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံသား ၂၈၃ ဦးကို ပြန်လွှဲပြီးဖြစ်တာကြောင့် ဒီနှစ်ရက်အတွင်း မြဝတီမြို့နယ်ထဲက KK park၊ AA park၊ ကာစီနိုရုံတွေနဲ့ ရွှေကုက္ကိုမြို့တွင်း ငွေလိမ်လုပ်ငန်း နေရာတွေက အိန္ဒိယနိုင်ငံသားပေါင်း ၅၄၉ ဦးကို BGF က ထိုင်းအာဏာပိုင်တွေကတစ်ဆင့် သက်ဆိုင်ရာအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

BGF ကွပ်ကဲရေးရုံးသတင်းရင်းမြစ်ပြောပြချက်အရ တစ်လအတွင်း တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံသား စုစုပေါင်း သုံးထောင်ဝန်းကျင်ကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန် ပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းတွေကနေ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့ဖို့ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသား ခုနစ်ထောင်ကျော်ရှိပြီး အများဆုံးက တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။