မွန်ပြည်နယ်မှာ တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်း ၃၀ ကျော် ပြန်ဖွင့်
2014.10.03

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် တို့အကြား ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် တစ်ပတ်ကြာ ပိတ်ထားတဲ့ စာသင်ကျောင်း ၃၀ နီးပါးထဲက ၁၀ ကျောင်းကို ဒီနေ့ ပြန်လည်ဖွင့်လှစ် လိုက်ပါတယ်။
ကျိုက်မရောမြို့နဲ့နီးတဲ့ အတ္တရံမြစ်ဘက်ခြမ်း က ကျောင်းတွေသာဖွင့်လှစ်နိုင်ပြီး ကျောင်း သားတော်တော်များများကို မိဘတွေက ကျောင်း မလွှတ်သေးဘူးလို့ ကျိုက်မရောဒေသခံ ကိုသားငယ် က ပြောပါတယ်။
အဲ့ဒီကျိုက်မရောမြိုနယ်က မူလတန်းစာသင်ကျောင်း ၃၀ လောက်ဟာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၇ ရက်ကစပြီး ပိတ်ထားခဲ့တာဖြစ်ပါတယ်။
ဒီကေဘီအေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေဝါချောင်း၊ ကလိုင်းကနိုင် စတဲ့ အတ္တရံမြစ်တစ်ဘက်ကမ်း က ကျေးရွာတွေက စာသင်ကျောင်းတွေကိုတော့ ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်မရောမြို့နယ်က ကျောင်းတွေပြန်ဖွင့်မဖွင့် မြို့နယ်ပညာရေးမှူးကိုမေးမြန်းရာမှာ ပြည်နယ်ညွှန်ကြားရေးမှူး က ဖြေကြားခွင့်ပေးမထားတဲ့အတွက် မဖြေကြားနိုင်ကြောင်းသာ ပြောပါတယ်။
အစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေဟာ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်မရောစတဲ့မြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။