အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် တရုတ် ကူညီပေးနေ


2013.02.25

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးလက်ခံကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကို တရုတ်က အဓိက အကူအညီပေးနေကြောင်း သိရပါတယ်။

တရုတ်အားကစားနည်းပြ ၂၈ ယောက်ဟာ မြန်မာနိုင်ငံမှာ ရက်ရှည်နေထိုင် လေ့ကျင့်သင်ကြားပေးဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ရောက်ရှိနေခဲ့ကြပြီ၊း၊ အကပညာရှင်တွေနဲ့ ဇာတ်ခုံပညာ ကျွမ်းကျင်သူတွေပါဝင်တဲ့ ၂၄ ဦးပါ အဖွဲ့ဟာလည်း ဒီနှစ်ဇန်နဝါရီလက နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး အရှေ့တောင်အာရှ အားကစားပွဲတော်ခန်းမနဲ့ တခြားအဆောက်အဦးတွေကို ပဏာမလေ့လာခဲ့ကြပါတယ်။

သူတို့ဟာ ပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲအတွက်လည်း တာဝန်ယူ ကြမှာဖြစ်ပါတယ်။

အလားတူ တရုတ်နည်းပညာ အကြံပေးတွေဟာလည်း ပွဲတော်မစခင် သုံးလကြိုတင် ရောက်ရှိလာကြမှာဖြစ်ပြီး၊ ပြိုင်ပွဲအချိန်စနစ်စတဲ့ အရေးကြီးတဲ့ ကျွမ်းကျင်မှုတွေအတွက် မြန်မာအရာရှိတွေကို လေ့ကျင့်ပေးမယ်လို့ DPA သတင်းကဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပွဲတော်ကို တရုတ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ပေမယ့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် နည်းပညာအကူအညီပေးဖို့ တရုတ်အစိုးရက လက်ခံခဲ့ပါတယ်။

မြန်မာ အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် ကူညီပံ့ပိုးနေတာတွေအကြောင်း  တရုတ်သတင်းမီဒီယာတွေမှာ အကျယ်အပြန့်ဖေါ်ပြနေပေမယ့် မြန်မာအစိုးရပိုင် သတင်းမီဒီယာတွေကတော့ ဒီအကြောင်း နှုတ်ဆိတ်နေတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းဂျာနယ်က ရေးပါတယ်။

မြန်မာနိုင်ငံက ဒေသတွင်းဆိုင်ရာ အခမ်းအနား ပွဲလမ်းကြီးတစ်ခုမှာ တရုတ်ပါဝင်ပတ်သက်မှု ကြီးမားနေတာကို ပြည်သူတွေသိရင် စိတ်မချမ်းမြေ့ဖြစ်မှာ စိုးရိမ်လို့ပါ လို့ ဒုတိယအားကစားဝန်ကြီး ဦးသောင်းထိုက်က ပြောဆိုကြောင်း မြန်မာတိုင်းဂျာနယ်က ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။