မအူပင် ပြည်သူ့လွှတ်တေ်ာ ကိုယ်စားလှယ် NLD ပါတီကနေ နုတ်ထွက်
2017.07.21

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က နုတ်ထွက်ပြီး တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်သာ ရပ်တည်လိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ကို ဒီနေ့အကြောင်းကြားစာပေးပို့လိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အစည်းအဝေးလုပ်ပြီး ဥပဒေပြဌာန်းချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် ကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကို လက်ခံပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း ကပြောပါတယ်။
"ဒီပါတီကနှုတ်ထွက်ပြီးတော့ သူ့ကို တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိမှတ်ပြုပါဆိုပြီး စာလေးတင်လိုက်တာ။ အဲ့လိုမျိုးစာတွေဝင်လာရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံညီအစည်းအဝေးထိုင်ရပါတယ်။ စုံညီအစည်းအဝေးထိုင်ပြီးမှ သူတင်တဲ့စာကို ဆုံးဖြတ်ကြတာပါ။ ဒီနေ့မှ စာဝင်တာဆိုတော့ သောကြာနေ့လည်းဖြစ်တော့ ရုံးပိတ်ရက်လည်းခံတော့ ရှေ့တပတ်မှပဲ စုံညီအစည်းအဝေး ထိုင်ပြီးဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးတဲ့အခါကျရင် လက်ရှိတည်ဆဲဥပဒေနည်းဥပဒေနဲ့ ပြဌာန်းချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ ဒါတွေပဲ စိစစ်ပြီး ဥပဒေနဲ့ အညီပဲခွင့်ပြုပေးတာ ဖြစ်ပါတယ်။"
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ကော်မရှင်ထံတင်ပြတဲ့ အကြောင်းကြားစာမှာ ဘာကြောင့် နုတ် ထွက်တယ်ဆိုတာကို ထည့်သွင်းရေးသားထားတာမရှိကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ ခွင့်ပြုလိုက်တဲ့အခါ နိုင်ငံပိုင်သတင်းစာကနေတဆင့် ကြေညာပေးသွားမှာ ဖြစ်တယ် လို့ ပြောပါတယ်။
ဦးစိန်ဝင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဆက်အသွယ်မရခဲ့ပါဘူး။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ အရင်က ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်က မအူပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ အခြား ပါတီဝင်တစ်ဦးကို အမှုဖွင့်ခဲ့တဲ့ ကိစ္စကို ပါတီကို အသိမပေးတဲ့ အတွက် ကော်မတီဥက္ကဌ နေရာကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။