ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လွှတ်တော်အမတ် ဖုန်းဖြင့်စကားပြော

အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် အမတ် Mr. Mitch McConnell ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁၅ ရက် မနေ့က ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တယ်လို့ သိရပါတယ်။

2011.02.16
mcconnell_phone_assk_305_z.jpg အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန် အမတ်များ၏ ခေါင်းဆောင် မစ်ချ် မက်ကောနယ်လ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း ဆက်ကာ စကားပြောဆိုနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Sen. Mitch McConnell's Office)
Photo: Courtesy of Sen. Mitch McConnell's Office

အမေရိကန် အထက်လွှွတ်တော် ရီပတ်ဘလစ်ကန်ပါတီ အမတ်တွေရဲ့ ခေါင်းဆောင် Mr. McConnell က ကြေညာချက် ထုတ်ပြန်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့် ရခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဓာတ် ကြံ့ခိုင်နေဆဲ ဖြစ်ပြီး မြန်မာပြည်သူတွေအတွက် ခေါင်းဆောင်တယောက်အဖြစ် တက်တက်ကြွကြွ နဲ့ ဆက်လက် ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် မကြာသေးခင်က မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေကို ခြိမ်းခြောက်ပြောဆို ရေးသားထားတာတွေအပေါ် မိမိအနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်မိပါကြောင်း Mr. McConell က ပြောပါတယ်။ ဆက်လက်ပြီး အခုလို ခြိမ်းခြောက်မှုဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စကို ကမ္ဘာတဝန်းက ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို တန်ဖိုးထားသူတွေ အားလုံး တညီတညွတ်တည်း ရှုတ်ချသင့်ကြောင်း ဖော်ပြထားပါတယ်။

မိမိအနေနဲ့ အထက်လွှတ်တော်က မိမိရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ဆက်လက်ပြီး မျက်ခြေမပြတ် စောင့်ကြည့်သွားမယ့် အကြောင်းလည်း အထက်လွှတ်တော်အမတ် Mitch McConnell က ပြောပါတယ်။

Mr. McConell ဟာ မနေ့က တယ်လီဖုန်းဆက် စကားပြောစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် အလားအလာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက် ထောက်ခံ အားပေး ဆောင်ရွက်နေတဲ့ ရီပတ်ဘလစ်ကန်ပါတီ အထက် လွှတ်တော်အမတ် Mr. McConell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက် ဆက်သွယ် စကားပြောတာဟာ အခု ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။