ဘင်္ဂလားဒေ့ရှ်လှေစီးဒုက္ခသည် ၂ဝဝ ကို နယ်စပ်ပြောင်းရွှေ့
2015.05.25

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အနီးမှာ မြန်မာ့တပ်မတော်ရေတပ်က ကယ်ဆယ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား လှေစီးဒုက္ခသည် ၂ဝဝ ကို ဒီကနေ့ (တနင်္လာနေ့) ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို နေရာရွှေ့ပြောင်းလိုက်ပြီလို့ သိရပါတယ်။
မေလ ၂၅ ရက်မနက်ပိုင်းက မောင်တောမြို့နယ် အလယ်သံကျော်ရွာကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် က တောင်ပြိုလက်ဝဲမြို့နယ်ခွဲကို ရွှေ့လိုက်တာလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။
ဒီဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ လာရောက်စစ်ဆေးမေးမြန်းတဲ့အခါ လွယ်ကူစေဖို့နဲ့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လွှဲပြောင်းပေးမယ်ဆိုရင် မြန်ဆန်ဖို့အတွက် အခုလို နေရာရွှေ့ပြောင်းထားတာလို့ ဦးမောင်မောင်အုန်းက ပြောပါတယ်။ အခုဖမ်းမိတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား ၈ ဦး ပါဝင်ပြီး သူတို့တွေကို စိစစ်ပြီး မူရင်းနေရပ်ကို ပြန်လည်ပို့ဆောင်မယ်လို့လည်း သိရပါတယ်။
တချိန်တည်းမှာပဲ မြန်မာအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ လှေစီးဒုက္ခသည်တွေကို လူမျိုး၊ နိုင်ငံသားမခွဲခြားဘဲ အလေးအနက်ထား ကူညီကယ်ဆယ်ခဲ့တာကို အသိအမှတ်ပြုကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရံုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Ms. Ranata Dessallien တို့ရဲ့ ရခိုင်ပြည်နယ်ခရီးအပြီး အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို RFA ဝိုင်းတော်သူ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။