ဆောမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦး အပါအဝင် ခုနစ်ဦး ဒဏ်ရာရ
2023.06.22

မကွေးတိုင်း၊ ဆောမြို့နယ်၊ ရွာသာရွာက စစ်ဘေးရှောင်သူတွေ နေထိုင်တဲ့နေရာကို ဇွန်လ ၂၁ ရက် မနေ့ညနေ ၆ နာရီခွဲလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးတစ်ဦး အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ လက်နက်ကြီးကြောင့် ရွာသာရွာက ကျောင်းထိုင်ဆရာတော် ဦးဥတ္တမနဲ့ ကိုရင်ကြီး မန္ဒလ၊ အကြည်ပန်းပလွန်းရွာက အသက် ၁၄ နှစ်အရွယ် မညိုမီထွန်း၊ ဦးအောင်နိုင်ဝင်း၊ မစန္ဒာထွန်း၊ မခင်ပြုံးကြည်နဲ့ အညာပန်းပလွန်းရွာက ကိုဝေလင်းထိုက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ပြောပါတယ်။
မနေ့က ပခုက္ကူကနေ ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေ အညာပန်းပလွန်းနဲ့ အကြည်ပန်းပလွန်းရွာကြားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီတပ်ဘက်က ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်နေသူတွေ နေထိုင်နေတဲ့ ဘုန်းတော်ကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်၊
"စစ်ကောင်စီဘက်က ရမ်းသန်းတော့ ပစ်လိုက်တာ။ ၆၀ မမ နှစ်လုံး ရွာထဲလာကျတယ်။ စစ်ဘေးရှောင်တွေ တည်းခိုနေတဲ့ ဘုန်းကြီးကျောင်းထဲ လာကျတာ။ ပထမ တစ်လုံးက မြောက်နား လှမ်းလှမ်းကျတယ်။ နောက် တစ်လုံးက ဘုန်းကြီးကျောင်းနား ကပ်ကျတော့ စစ်ဘေးရှောင်နဲ့ အပစ်မဲ့ ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်"
အဲဒီထဲက သုံးဦးက စိုးရိမ်ရလို့ လုံခြုံစိတ်ချရတဲ့ ဆေးခန်းတစ်ခုမှာ အရေးပေါ် ခွဲစိတ်ကုသမှု ခံယူနေရပြီး ကျန်တဲ့လေးဦးကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ ရိက္ခာပို့တဲ့ ယာဉ်တန်းက လက်နက်ကြီးကျတဲ့ ရွာရဲ့တောင်ဘက်မှာရှိနေပြီး ဒီကနေ့ မနက်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဒီစစ်ကောင်စီရဲ့ ရိက္ခာပို့ယာဉ်တန်း ဖြတ်သန်းဝင်ရောက်လာလို့ အညာပန်းပလွန်းရွာ၊ အကြည်ပန်းပလွန်းရွာ၊ နသိုးရွာ၊ သရက်ချဉ်ရွာနဲ့ ပန်းဆန်ရွာတွေက ဒေသခံ လေးထောင်ဝန်းကျင်ဟာ ဇွန်လ ၂၁ ရက် မနေ့ထဲက ရွာတွေကနေ ထွက်ပြေးရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။