မျိုးဆက်ပွား ကျန်းမာရေး ကျောင်းမှာ သင်ကြားမယ့်ကိစ္စ အမြင်မတူညီမှုရှိနေ

ဝေယံမိုးမြင့်
2020.05.18

၂၀၂၀- ၂၀၂၁ စာသင်နှစ်အတွက် အခြေခံပညာသင်ရိုးတွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးအသစ်ထည့် သွင်းဖို့ ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ မျိုးဆက်ပွား ကျန်းမာရေး သင်ရိုးသစ် ထည့်သွင်းသင်ကြားဖို့ သင့်၊ မသင့် အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။

Grade 4၊ 7 နဲ့ 10 တို့အတွက် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်မှာ မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်ရိုးသစ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။

အဲဒီအထဲက Grade 10 အတွက် သင်ရိုး ပုဒ်စာတချို့ ဖေ့ဘွခ်တ်လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့လာပြီး သင်သင့်တယ် မသင်သင့်ဘူးဆိုတာ အငြင်းပွားမှုတွေဖြစ်နေကြပါတယ်။

မျိုးဆက်ပွား ကျန်းးမာရေးနဲ့ပတ်သက်ပြီး သင်ကြားရာမှာ မလိုလားအပ်တာတွေ မဖြစ်လာစေဖို့နဲ့ ကူးစက်ရောဂါ ပိုးတွေအကြောင်း စတဲ့အကြောင်းအရာတွေကို အဓိကထားသင်ကြား ပေးရမယ်လို့ ဒေါက်တာ ဝင်းကိုကိုသိန်းက ပြောပါတယ်။

“ပြောတာတော့ ပြောရမှာပဲ ဒါနဲ့ပတ်သက်ပြီး ဘာကိုဇောင်းပေးရမလဲဆိုတော့ မလိုလားအပ်ဘဲ ကိုယ်ဝန် ဆောင်ရတာမျိုး လိင်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပိုးတွေ ဒါတွေမဖြစ်အောင် ရည်ရွယ်ချက်ထားရမယ် ပြီးတော့ ဒီလိင်ကိစ္စဟာ သဘာဝပဲ ဆိုတာသိရမယ် အလွန်အမင်း စိတ်ဝင်စားတာမျိုးမဟုတ်ရင် ပုံမှန်ဆိုတာ သင်ကိုသင်ရမယ် မသင်လို့မရဘူး အဲဒါမျိုးသွားရမှာပါ”

ပျံ့နှံ့လာတဲ့ ပုဒ်စာတချို့မှာ ထွန်းထွန်းနဲ့ ချိုချို သူငယ်ချင်း နှစ်ဦးထဲရှိနေချိန် စိတ်လှုပ်ရှားနေစဉ် အိမ်ဘေးက အဒေါ်ကြီးရောက်ကြောင်းနဲ့ အဲဒီအဒေါ်ကြီးရောက်မလာရင် ဘာဖြစ်မလဲဆိုတဲ့ စာပိုဒ်နဲ့ လိင်တူဆက်ဆံမှု တစ်ခုအကြောင်း ဖြစ်ပါတယ်။ လိင်တူဆက်ဆံမှုအကြောင်း သင်ကြားတာကို လက်မခံနိုင်တဲ့ မိဘတွေလည်း ရှိနေပါတယ်။

မျိုးဆက်ပွားကျန်းမာရေးကို လက်ခံပေမယ့် သင်ကြားမှုမှာ တလွဲအယူဖြစ်သွားမှာကို မိဘတစ်ယောက်အနေနဲ့ စိုးရိမ်မိတယ်လို့ ကလေး နှစ်ယောက် မိခင် ဒေါ်အိအိအောင်က ပြောပါတယ်။

“စိုးရိမ်မိတာပေါ့ အဓိကက ဘာလဲဆိုတော့ ဒဿမတန်းမှာ အမျိုးသားအချင်းချင်း ဟိုမိုနဲ့ ပတ်သက်တာ သင်ရတယ်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဒါကြီးက သိသာသိစေ မမြင်စေနဲ့ဆိုတဲ့အဆင့်မျိုးပဲ ရှိသေးတယ်၊ စာမျက်နှာတွေပေါ်မှာ ဥပဒေအရ  ပေါ်ပေါ်တင်တင်လုပ်လို့မရ ဒီစာတွေကိုဖတ်ရတဲ့အခါ ကျောင်းမှာသင်ရတဲ့အခါ ဒါမျိုးတွေက မထူးဆန်းတော့ဘူးဆိုပြီး ကလေးတွေက စဉ်းစားသွားနိုင်တယ်”

သင်ကြားမယ့် ဆရာ၊ ဆရာမတွေအနေနဲ့ သင်တန်းသေချာတက်ဖို့လိုသလို သင်ရိုးကလည်း ကလေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေ စိတ်ပညာရှင်တွေ၊ မြန်မာစာကထိကတွေက ညှိနှိုင်းပြီးမှ ရေးဆွဲသင့် တယ်လို့လည်း ဒေါ်အိအိအောင်က အကြံပြုထားပါတယ်။

ညီမျှခြင်းမြန်မာက ဦးအောင်မျိုးမင်းကတော့ စာထဲကအတိုင်း ဘာသာရပ်တစ်ခုအနေနဲ့ပဲ သင်ကြားမယ်ဆိုရင် အသုံးမဝင်နိုင်ဘူးလို့ ထောက်ပြပါတယ်။

“ဒါကိုသင်တဲ့အခါ စာကြီးပဲ စာတွေ့ပုံစံမျိုး မဟုတ်ဘဲနဲ့ သူတို့မြင်နိုင်တွေ့နိုင်တဲ့ ဥပမာ ရုပ်ပုံလေးတွေနဲ့ အချင်းချင်းဝိုင်းဖွဲ့ပြီးတော့ သက်တောင့်သက်သာနဲ့ ဝိုင်းဖွဲ့ပြီး သင်တာမျိုး ထိုင်းမှာ သင်ကြားတာတွေ့ရတယ်၊ ကလေးတွေက စူုးစမ်းတယ်၊ စပ်စုတယ်၊ မေးခွန်းတွေမေးတယ်၊ ဆရာနဲ့ ကျောင်းသားကြားမှာ ပွင့်လင်းမှုု ဖြစ်ပြီး သူတို့သိချင်တာကိုမေးလာတယ် အဲဒါကောင်းတယ်။ အဲဒါမျိုးမဟုတ်ဘဲ စာအနေနဲ့ ဘာသာရပ် တစ်ခုအနေနဲ့ သင်မယ်ဆိုရင်တော့ သိပ်ပြီး အသုံးမဝင်တာ တွေ့ရတယ်”

ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ဟာ ၁၉၉၈ ထဲက စတင်ပြီး သင်ရိုးတစ်ခုအနေနဲ့ သင်ကြားခဲ့တဲ့ ဘာသာရပ်ဖြစ်ပြီး ဘဝအတွက်လိုအပ်တဲ့လူမှုရေးအခြေခံတွေကို သင်ကြားပေးတာ ဖြစ်ပါတယ်။

မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Grade 1 ကနေ 11 အထိထည့်သွင်း သင်ကြားပေးသွားမှာလို့ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက  ပြောပါတယ်။

“ဘဝတွက်တာ ကျွမ်းကျင်စရာက အခု Grade 10 မှာမှမဟုတ်ဘူး အခုသင်ရိုးအသစ်မှာ Grade 1 ကနေ 11 ထိသင်ဖို့ စီစဉ်ထားတယ်။ sex education လို့ပြောရင် လူတွေက မကောင်းတဲ့ဖက်ကို တွေးကြတယ်၊ လိင်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပဲ မရှက်မကြောက် ဒါတွေဟာ ကလေးတွေကို သင်ဖို့ အဆင်မပြေဘူး ဒါကိုသင်လိုက်လို့ မဟုတ်တာတွေကို အတုယူသွားလိမ့်မယ်လို့ ဒီလို အတွေးတွေးတဲ့သူတွေလည်း ရှိလိမ့်မယ်။ ဒါက တစ်ခုတည်းကို သွားတာမဟုတ်ပါဘူး၊ ကူးစက်ရောဂါပိုးတွေ အကုန်ပါတယ် ဒီရောဂါတွေ ဘယ်လိုကူး စက်တယ် မကူးစက်အောင် ဘယ်လိုရှောင်ရှားရမယ်ဆိုတာတွေပါပါတယ်”

၁၉၉၈ ခုနှစ်ထဲက ရေးဆွဲထားတဲ့သင်ရိုးမှာ ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ သင်ရိုး၊ အသက်အရွယ်အလိုက် ပေးရမယ့် အချက်အလက်တွေကို သင်ရိုးသစ် ပြောင်းလဲရေးဆွဲတယ်လို့ ပြောပါတယ်။

သင်ရိုးသစ်ရေးဆွဲရာမှာ ပြည်တွင်း၊ ပြည်ပ သက်ဆိုင်ရာ ပညာရှင်တွေ အပါအဝင်၊ တက္ကသိုလ်တွေက သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင် ပါမောက္ခတွေနဲ့ အခြေခံပညာဦးစီးဌာနက လက်တွေ့သင်ကြားရမယ့် ဆရာ၊ ဆရာမတွေ ပါဝင်ရေးဆွဲတာဖြစ်ပြီး တစ်နှစ်ကျော်အချိန်ယူ ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ Grade 4၊ 7 နဲ့ 10 တို့အတွက် သင်ရိုးသစ်ရေးဆွဲတာဖြစ်ပြီး လာမယ့်နှစ်မှာ Grade 5၊ 8၊ 11 ကို သင်ရိုးသစ်ပြောင်းလဲမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။