ရှမ်းတိုင်းရင်းသားများအရေး အိတ်ဖွင့်ပေးစာ ပေးအပ်


2014.02.17
shan-protest-kia-305.jpg KIA က ဖမ်းဆီးထားတဲ့ ဒေသခံ ရှမ်းတိုင်းရင်းသားများ ကို ပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်း တိုက်မှာ ရှမ်းတိုင်းရင်းသားများက ဒီဇင်ဘာလ ၂ဝ ရက်နေ့ က တောင်းဆိုနေစဉ်
photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ်က  ရှမ်းတိုင်းရင်းသားတွေရဲ့ အရေးနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ကို ဒီနေ့ မြစ်ကြီးနားမြို့က မထွက်ခွာခင် အိတ်ဖွင့်ပေးစာတစ်စောင် ပေး လိုက်ပါတယ်။

ရှမ်းတိုင်းရင်းသားတွေ တပ်သားသစ်စုဆောင်းခံရ တဲ့ကိစ္စ၊ ဆက်ကြေးကောက်ခံရတဲ့ကိစ္စ အပါအဝင် အချက် ၄ ချက်ကို အိတ်ဖွင့်ပေးစာထဲမှာ ရေး သားတောင်းဆိုထားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ပြောပါတယ်။

“ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ ပဋိပက္ခကြားမှာ အပြစ်မဲ့တဲ့ ရှမ်းပြည်သူတွေ ခံစားနေရတဲ့ အခြေအနေကို ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ရော နိုင်ငံတော် အစိုးရအနေနဲ့လည်း သိရှိပြီးတော့မှ ညီညွှတ်မျှတတဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် တင်ပြတာပဲဖြစ်ပါတယ်၊ ကျနော်တို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က တင်ပြပေမယ့်လည်း တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် ကျနော်တို့တင်ပြချက်က လူတိုင်းနဲ့သက်ဆိုင်တဲ့အချက် ဖြစ်ပါတယ်”

ကေအိုင်အေတပ်ဖွဲ့တွေက တပ်သားသစ်အဖြစ် စုဆောင်းသွားခဲ့တဲ့ ရှမ်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ရာမှာ ကေအိုင်အေက ပြန်လွှတ်ပေးလိုက်သူ တစ်ချို့ရှိပေမဲ့လည်း အဖမ်းခံထားရသူတွေ ကျန်နေသေးတယ်လို့ သိရပါတယ်။ အဲဒီ ကျန်နေတဲ့ ရှမ်းတိုင်းရင်းသားတွေ လွတ်မြောက်ရေးကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အိုနည်းပညာ အကြံပေးအလုပ်အဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်းကိုလည်း အိတ်ဖွင့်ပေးစာထဲ မှာ ရေးသားထားကြောင်း သိရပါတယ်။

မစ္စတာကင်တားနားဟာ သူ့ရဲ့ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁၆ ရက်၊ မနေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အခြေစိုက်တဲ့ လိုင်ဇာမြို့တဝိုက်က ကချင်စစ်ဘေး ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။