တိုက်ပွဲကြောင့် ကျေးသီးမှာ ဒေသခံတစ်ရာလောက် ထွက်ပြေး
2018.07.23

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဟိုပုံကျေးရွာအုပ်စု နမ့်အုပ်ရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက အစိုးရ တပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ၁ဝဝ လောက် ကျေးသီးမြို့ပေါ်ကို ထွက်ပြေးနေကြပါတယ်။
လောလောဆယ်မှာတော့ စစ်ဘေးဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းမှာ နေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိန်းက ပြောပါတယ်။
"တိုက်ပွဲဖြစ်တဲ့နေရာကတော့ နမ့်အုပ်နဲ့ မန်ဝန်းကျေးရွာကြားမှာဖြစ်တာ၊ စစ်ဘေးရှောင်တွေမေး ကြည့်တော့ အစိုးရတပ်နဲ့ RCSS လို့ပြောတယ်၊ တိုက်ပွဲဖြစ်တာနဲ့ ခြေဦးတည့်ရာထွက်ပြေးကြတာပေ့ါနော်၊ အခုမှ ဘုန်းကြီးကျောင်းမှာ တဖြည်းဖြည်းနဲ့ရောက်နေကြတာပေါ့၊ အခုလောလောဆယ် တစ်ရာ ပတ်ဝန်းကျင်လောက်ရှိတယ်၊ သူတို့က အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲလာကြတာ၊ ဝန်ဖိန်းရွာမဘုန်း ကြီးကျောင်းပေါ့နော်"
ဒီကနေ့ မနက် ၁ဝ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားတဲ့ နမ့်အုပ်ကျေးရွာဟာ ကျေးသီးမြို့ကနေ ၁၈ မိုင်လောက်ကွာဝေးပြီး တောထဲမှာပုန်းနေသူတွေ ကျန်နေသေးတယ်လို့ ပြောပါတယ်။
RCSS/SSA အဖွဲ့ဟာ အစိုးရနဲ့ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့လည်းဖြစ်ပါတယ်။