ကျိုင်းတုံ နဲ့ မိုင်းခတ်မြို့အကြား ICE ကီလို ၁၆၀ ကျော်ကို ဖမ်းမိ
2016.04.03

ရှမ်းပြည်နယ် ကျိုင်းတုံ နဲ့ မိုင်းခတ်မြို့နယ်အကြား နောင်ကန်ရွာအနီးမှာ ရဲတပ်ဖွဲ့ နဲ့ မူးယစ်ဆေး သယ်ဆောင် လာသူတွေ ပစ်ခတ်မှုဖြစ်ပွားရာ ICE ကီလို ၁၆၀ ကျော်ကို ဖမ်းမိပြီး ရဲတပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိသွားပါတယ်။
မနေ့ည သန်းခေါင်ချိန်မှာ ကားတစ်စီးကို တားရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ ICE ကီလို ၁၆ဝ ကျော်ကို ဖမ်းမိထားတယ်လို့ ရဲမှူးချုပ် အောင်အောင် က ပြောပါတယ်။
"မနေ့ည ၁၂ နာရီက ကားတစ်စီးဖြတ်လာတော့ ဒီကတားတာပေါ့၊ တားနေတုန်းမှာပဲ အဲ့ဒီကားပေါ် ကနေ သေနတ်နဲ့ပစ်တော့ ကျနော်တို့ ဒီဘက်က စစ်ဆေးရေးတာဝန်ကျတဲ့ ရဲ ၂ ယောက် ဒဏ်ရာရတယ်၊ ရဲအဖွဲ့ကနေ ပြန်ပစ်တော့ ကိုက် ၁ဝဝ လောက်မှာ ကားကမြောင်းထဲကို ကျသွားတယ်၊ ကားပေါ်မှာလူ ၃ ယောက်ကတော့ ဆင်းပြေးပါတယ်၊ ကားပေါ်မှာတော့ ICE ပေါ့ ၁၆၄ ကီလိုဂရမ်ပေါ့ ငွေနဲ့ တွက်ရင်တော့ သိန်းပေါင်း ၆ သောင်းကျော်ရတယ်၊ လူတွေကိုတော့ မရဘူးပေါ့နော်၊ လူတွေကတော့ ကားမြောင်းထဲထိုး ကျသွားတာနဲ့ တခါတည်းပြေးသွားတာပေါ့"
အဲဒီလို ပစ်ခတ်ကြတဲ့ အတွက် ဒဏ်ရာရရှိထားသူ ရဲတပ်ကြပ် တစ်ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးတို့ကို ကျိုင်းတုံဆေးရုံမှာ တင်ထားရပါတယ်။
မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ကားကို ဖမ်းမိလိုက်ပေမယ့် ကားပေါ်ပါသူ ၃ဦးကတော့ ထွက်ပြေးလွတ်မြောက် သွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကလည်း အလားတူ ငွေကျပ်သိန်းပေါင်း ၆ သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေး ဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို မိုင်းလားကနေ ကျိုင်းတုံဘက်ကိုလာတဲ့ ယာဉ်တစ်စီးပေါ်မှာ ဖမ်းဆီးရမိထားပြီး အဲ့ဒီအမှုနဲ့ပတ်သက်သူ ၅ ဦးကို ဖမ်းမိထားပါတယ်။