ဒီမိုကရေစီလမ်းကလွဲလို့ တခြားရွေးစရာမရှိလို့ ဦးရွှေမန်း ပြော

မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းကလွဲလို့ တခြားရွေးစရာမရှိပါဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက AFP သတင်းဌာနနဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

2012.01.17
thura-shwe-mann-305 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း
RFA

မြန်မာဟာ စစ်အုပ်ချုပ်ရေးနိုင်ငံကနေ ဒီမိုကရေစီနိုင်ငံဆီကို အသွင်ပြောင်းလဲနေကြောင်း၊ လွယ်တဲ့အလုပ် မဟုတ်ပေမယ့် ဒီမိုကရေစီစနစ်ကလွဲပြီး တခြားလမ်းမရှိဘူးဆိုတာ အခိုင်အမာ မမှိတ်မသုန် ယုံကြည်ထားကြောင်း၊ မြန်မာပြည် ဒီမိုကရေစီစနစ်ဖြစ်လာဖို့ အချိန်ဘယ်လောက်ယူရမလဲဆိုတာ အတိအကျ ပြောဖို့ခက်ပေမယ့် မိမိတို့မျှော်မှန်းချက်ပန်းတိုင်တွေဆီကို မြန်နိုင်သလောက် မြန်မြန်ရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။

အရပ်သားအစိုးရလို့ အမည်ခံထားတဲ့ ဦးသိန်းစိန်အစိုးရရဲ့ အပြောင်းအလဲ ဆောင်ရွက်မှုတွေအပေါ် အနောက်နိုင်ငံတွေက အသိအမှတ်ပြု ကြိုဆိုခဲ့ကြပါတယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော ဖြစ်ရပ်သစ်တွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေအတွက် အထောက်အပံ့ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီအပြောင်းအလဲတွေရဲ့နောက်မှာ စစ်တပ်က အခိုင်အမာရပ်တည်နေသလားဆိုတာတော့ အသေအချာ မပြောနိုင်ကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အပေါ် ဘဝင်မကျနိုင်သူတွေက စစ်အာဏာသိမ်းလိမ့်ဦးမယ်ဆိုတဲ့ အယူအဆတွေကလည်း ရှိနေကြောင်း၊ အဲဒီလို ဖြစ်မလာပါစေနဲ့လို့ မိမိတို့မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကတော့ စစ်တပ်က အာဏာပြန်သိမ်းလိမ့်မယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်ပါတယ်။

အဲဒီလိုဖြစ်လာလိမ့်မယ်လို့ မိမိအနေနဲ့မယူဆကြောင်း၊ တိုင်းပြည်နဲ့လူမျိုးရဲ့ အနေအထားကို မိမိတို့ကောင်းကောင်းသိပါကြောင်း၊ စစ်တပ်ကလည်း တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ ခိုင်မာတဲ့ဆန္ဒရှိပါကြောင်း ဦးရွှေမန်းက AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။