အာမခံချက်အတိုင်း စပါးမထွက်တာကြောင့် နစ်နာကြေးပေးဖို့ တောင်းဆို
2018.12.14

ဂရိတ်ဝေါကုမ္ပဏီက ဝယ်ယူစိုက်ပျိုးတဲ့ ဆန်စပါးမျိုးစေ့တွေဟာ အာမခံချက်အတိုင်း တင်းပြည့်စပါးမထွက်တာကြောင့် နစ်နာကြေးပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းက ဒေသခံတောင်သူ ၅၀ ကျော် ဒီနေ့ မုံရွာမြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
တဧကကို တင်း ၁၅၀ ထွက်မယ်ဆိုပြီး ရောင်းချတဲ့ ပုလဲသွယ် ဆန်စပါးမျိုးစေ့တွေဟာ တစ်ဧကကို တင်း ၅၀ နဲ့ ၇၀ ကြားသာ ထွက်ခဲ့တာကြောင့် ပျမ်းမျှအားဖြင့် တောင်သူ တစ်ဦးဟာ တစ်ဧကကို ငွေကျပ် ၃ သိန်းခန့် ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ဦးကျော်စွာဝင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လက စတင်ပျိုးထောင်စိုက်ပျိုးခဲ့ပြီး ဇွန်လမှာ စပါးတွေရိတ်သိမ်းခဲ့တာဖြစ်ကြောင်းနဲ့ စပါးမရိတ်သိမ်းခင် ကတည်းက အထွက်နှုန်းမပြည့်မီနိုင်တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း ဆန္ဒပြတောင်သူတွေက ပြောပါတယ်။
တိုင်းအစိုးရနဲ့ ကုမ္ပဏီက ဇွန်လကနေ စက်တင်ဘာလအထိ ကွင်းဆင်းစစ်ဆေးပြီး နစ်နာတောင်သူတွေကို ကုမ္ပဏီ ဘက်က လျှော်ကြေးငွေပေးမယ်လို့ ပြောထားပေမယ့် လက်ရှိအချိန်အထိ မရသေးတာကြောင့် ဆန္ဒထုတ်ဖော်ရ တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို ရွှေဘိုမြို့နယ်အတွင်းက တလုံး၊ ညောင်ပင်သာ၊ လိတ်ချင်းနဲ့ ခွန်တောင်းကြီး ကျေးရွာတွေက ဒေသခံတောင်သူ ပါဝင်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂရိတ်ဝေါကုမ္ပဏီတာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။