ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြောဆိုခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ ခရိုင်ဥက္ကဋ္ဌကို အမှုဖွင့်
2018.09.22

နိုင်ငံတော်အထိတ်တလန့်ဖြစ်စေမှု၊ လူမျိုးခွဲခြားပြောဆိုမှုတွေကြောင့် ရွှေဘိုခရိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အပါအဝင် ၃ ဦးကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ခ နဲ့ ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာအုပ်စုမှာ ဒီလ ၈ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေနဲ့ ဒေသခံတောင်သူတချို့ တွေ့ဆုံရာမှာ ပြောကြားခဲ့တဲ့ အကြောင်းအရာတွေဟာ ဘာသာရေးအဓိကရုန်းတွေဖြစ်လာမှာ စိုးရိမ်ရတဲ့အတွက် အခုလို အရေးယူဖို့လုပ်တာလို့ သိရကြောင်း NLD ပါတီက ရွှေဘိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးကျော်သူ က RFA ကို ဒီနေ့ ပြောပါတယ်။
"ဝန်ကြီးချုပ်ကြီးကလည်း ကြားသွားတဲ့အခါကျတော့ ဒီဘာသာရေးလှုံဆော်မှုကို ပိုကြောက်သွားတာပါ၊ ထိလွယ်ရှလွယ်တယ်လေ၊ အဲဒီတော့ အရေးယူမှဖြစ်တော့မယ်၊ ဒီလိုလွှတ်ထားလိုက်လို့ရှိရင် ဆက်ပြီးတော့ ဘာသာရေးလှုံဆော်မှုတွေ လျှောက်လုပ်နေလို့ရှိရင် တိုင်းပြည်မငြိမ်မသက်ဖြစ်လာမှာလည်း ကြောက်တယ်လေ၊ အဲဒီတော့ ဒါဘယ်လိုပဲဖြစ်နေနေ အရေးယူဆောင်ရွက်ဖို့ လုပ်ရတော့မှာမို့လို့ လုပ်လိုက်ရတာပါ၊ အမုန်းတရားနဲ့ လုပ်တာတော့ မဟုတ်ပါဘူး၊ သူတို့ရဲ့ပြောပုံဆိုပုံတွေအရ ဒေသမှာတည်ငြိမ်မှုတွေ ပျက်သွားနိုင်လို့သာ လုပ်ရတာ၊ မြို့နယ်ရဲမှူးကိုယ်တိုင်ကနေမှ ဒီဟာကို စုံစမ်းပြီးတော့မှ သက်ဆိုင်ရာကို သူ့ဟာသူ ဖွင့်ပြီးတော့မှ ရဲအရေးပိုင်မှုပေါ့လေ၊ ၅၀၅ ခ နဲ့ဖွင့်လိုက်တာ၊ ၃ ယောက်လုံး ၅၀၅ ခ နဲ့ပဲ"
တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ ဒေသခံတချို့ကို ရွှေဘိုမြို့နယ် ရဲမှူးကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး စိစစ်မေးမြန်းခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က ချေးငွေတွေထုတ်ပေးမယ်လို့ပြောပြီး ခေါ်ခဲ့တာဖြစ်ပြီး ဒေသခံတွေရောက်လာတဲ့ အချိန်မှာ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြဖို့နဲ့ လူမျိုးရေး ခွဲခြားတာတွေကို ပြောကြားခဲ့တယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။
ဒီလိုပြောကြားရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂါလီ ၄ ထောင်လောက်ကို ရန်ကုန်မှာ နေထိုင်ခွင့်ပေးထားသလို သူတို့တွေနေထိုင်ဖို့ နေအိမ်တွေ၊ ကွန်ကရစ်လမ်းတွေ၊ ရေ/မီးအစုံဆောက် လုပ်ပေးထားကြောင်း၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ကလည်း သူတို့အတွက် နေအိမ် ၈၀ လောက် တာဝန်ယူဆောက်လုပ်ရကြောင်း၊ ဘင်္ဂါလီလူမျိုးတွေကို ခေါ်သွင်းလာရင် ဘင်္ဂါလီတိုင်းပြည်ဖြစ်တော့မှာပဲ စတဲ့ အကြောင်းအရာတွေပါဝင်တယ်လို့လည်း လူမှုရေးမီဒီယာပေါ်မှာ ပေါက်ကြားလာတဲ့ ရဲတပ်ဖွဲ့ရဲ့ စွဲချက်မှာ ဖော်ပြထားပါတယ်။