ရွှေကူမှာ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရလို့ ကလေးတစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

RFA Burmese
2024.06.02
ရွှေကူမှာ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရလို့ ကလေးတစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ် မြို့ကုန်းတိုက်နယ်ဆေးရုံအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဥ်။
Screenshot Video: Facebook/Padang Nsen

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့ကုန်းတိုက်နယ်ဆေးရုံကို ဇွန်လ ၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး၊ သူနာပြုဆရာမနှစ်ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားလေးဦးတို့ဖြစ်ပြီး ဆေးရုံနဲ့ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးလေးလုံးကို ဆေးရုံရဲ့ပတ်ပတ်လည်ကို ကြဲချခဲ့တဲ့အတွက် အရပ်သားတွေ သေဆုံး၊ ထိခိုက်ခဲ့တာလို့ မြို့လှဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ ခြေတွေ လက်တွေ ဖြတ်ရမဲ့လူနာတွေ ရှိနေတယ်။ တချို့ဆို မိုင်းနင်းမိလို့ ဆေးရုံလာတက်တာ ဗုံးကြဲခံရတော့ ဒဏ်ရာပိုရသွားတာတွေလည်း ရှိတယ်။ ဆေးရုံတည့်တည့်ကိုသာ ဗုံးကျမယ်ဆို သေဆုံးတဲ့သူ ဆယ်နဲ့ချီ ရှိနိုင်တယ်”

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာ မရှိဘူးလို့ RFA ကို ပြောပါတယ်။

“အဲဒီနေရာတွေက တိုက်ပွဲဖြစ်ပွားနေတာ မရှိပါဘူး။ စစ်ကောင်စီက အရပ်သားတွေ ရှိတဲ့နေရာကို ဘာလို့ကြဲတာလဲ၊ စဉ်းစားလို့ မရပါဘူး”

ရွှေကူမြို့နယ်ဟာ KIA တပ်မဟာ (၈) လက်အောက်ခံ တပ်ရင်း - ၅ ရဲ့ စစ်ရေးလှုပ်ရှားတဲ့ဒေသဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၄၉၂ ဦးအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။