လွှတ်တော်အစည်းအဝေးတွေ အရေးကြီးပြီလို့ သူရ ဦးရွှေမန်း ပြောကြား
2014.09.11
ဒီနေ့ စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကစပြီး နောင်အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် တခြားအရေးကြီးတဲ့ ဥပဒေတွေကို ဆွေးနွေးအတည်ပြုသွားမှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောပါတယ်။
ဒီနေ့ စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က အခုလိုပြောခဲ့တာပါ။
"အခုပုံမှန်အစည်းအဝးကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီရဲ့ လုပ်ငန်းတာဝန်များ ကို ရှေ့တစ်ဆင့်တက်ပြီၤး လွှတ်တော်အတွင်းမှာ ဆောင်ရွက်ကြဖို့ရှိပါတယ်၊ နှစ်စဉ် ယခုလိုကာလမှာ မဖြစ်မနေဆောင်ရွက်ရမဲ့ ပြည်ထောင်စုရဲ့နောက်ထပ် ဘဏ္ဍာခွဲဝေသုံးစွဲရမှှု ဥပဒေကြမ်းကို လည်း ဆွေးနွေးဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ ဒါ့ပြင် လွှတ်တော်အသီးသီးမှာရှိနေတဲ့ ဆောင်ရွက်စဲ ဥပဒေကြမ်းများထဲက အရေးကြီးတဲ့ ဦးစားပေးဆောင်ရွက်သင့်တဲ့ ဥပဒေကြမ်းများကိုလည်း အတည်ပြုပြဌါန်းနိုင်ရေး ဆက်လက်ဆောင်ရွက်ကြရဦးမှာဖြစ်ပါတယ်"
ဒါ့အပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ဖြစ်စေမယ့် အကြံပြုချက်တွေ လိုအပ်ကြောင်းလည်း ဥက္ကဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။
"လက်ရှိကာလ မိမိတို့နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကထက်ကြာရင် ဒီမိုကရေစီ အရှိဆုံးအချိန်တွေ လို့ ပြောနိုင်ပါတယ်၊ ဒါပေမယ့် ပြည်သူများမျှော်လင့်သလို မဖြစ်တာ၊ မျှော်လင့်သလောက် မရနိုင်သေးတဲ့အခြေအနေတွေ ဆိုတာလည်း အမှန်ပဲဖြစ်ပါတယ်၊ သို့သော်လည်းပဲ ရရှိထားတဲ့ ဒီအခြေအနေကောင်းအချို့ကို အမိအရဆုပ်ကိုင်ပြီး၊ နိုင်ငံတော်နဲ့ပြည်သူများရဲ့ အကျိုးစီးပွားအတွက် စိတ်ကောင်းစေတနာကောင်းတွေရှိဖို့အရေး ဆက်လက် ဖော်ဆောင်ကြရမှာဖြစ်ပါတယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက်အကူဖြစ်စေတဲ့ တင်စားမှှု၊ သုံးသပ်မှှု၊ အကြံပြုလုပ်ဆောင်မှှုများ ဒီကာလမှာ အမှန်တကယ်လိုအပ်လျှက်ရှိပါတယ်"
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲစနစ် လေ့လာသုံး သပ်ရေးကော်မရှင်က သူတို့ရဲ့ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ မှာ ပြည်သူ့လွှတ်တော်ကို တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။