ရွှေပါရမီဆေးခန်းကို ရွှေ့ပြောင်း လုပ်သားတွေ လာရောက်ဆေးကုသ
2012.11.22

ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းရဲ့ အခမဲ့ ဆေးကုသမှုဖွင့်ပွဲကို အရှင်ဆန္ဒာဓိက ရွှေပါရမီတောရ ဆရာတော်ကိုယ်တိုင် ဒီကနေ့ဖွင့်လှစ်ပေးခဲ့ပြီး ဆေးဝါးကုသမှုခံယူ ဖို့ မြဝတီနဲ့ မဲဆောက်မြို့ရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမား လူနာ စုစုပေါင်း (၂၅ဝဝ)ကျော် လာရောက်ခဲ့ကြတယ်လို့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း မဲဆောက်တာဝန်ခံ ကိုရှည်ကြီးက ပြောပါတယ်။
ကုသပေးတဲ့ရောဂါတွေကတော့ သွား၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ လည်ပင်းကြီး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ဦးနှောက်နဲ့ အာရုံကြော၊ အရေပြား၊ အမျိုးသမီးရောဂါနဲ့ အထွေထွေရောဂါတို့ဖြစ်ပြီး အထူးကုဆရာဝန်ကြီးတွေက ဒီကနေ့ကစပြီး နိုဝင်ဘာ (၂၄)ရက်နေ့အထိ ကုသပေးသွားမှာဖြစ်ပါတယ်။
ဆေးဝါးကုသမှုခံယူဖို့ စာရင်းပေးသွင်းထားတဲ့ ထိုင်းနိုင်ငံ မဲဆောက်က ရွှေ့ပြောင်းမြန်မာအလုပ်သမား လူနာတွေအတွက် မဲဆောက်အခြေစိုက် မနောဖြူစင်ရေလှူအသင်းက သွားလာရေးအတွက် အခမဲ့ ကားစီစဉ် ပို့ဆောင်ပေးနေပြီး မြန်မာပြည်သားစေတနာ့ဝန်ထမ်း (၂ဝဝ)ကျော်က ဆေးကုသရာမှာ ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းကို ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက၏ ဦးဆောင်မှုနဲ့ ၂ဝ၁၁ခုနှစ် ၊ သြဂုတ်လ(၁၄)ရက်က စတင် တည်ထောင်ခဲ့တာပါ။ မြဝတီမြို့ မိုးကုတ်စက်ဝိုင်းကျောင်းတိုက်အနီးမှာ ရွှေပါရမီကျန်းမာရေး အလှူမေတ္တာဆေးခန်းကို ဒီနှစ်၊ ဖေဖော်ဝါရီလ (၂ဝ)ရက် နေ့က ဖွင့်လှစ်ခဲ့ပြီး တပတ်မှာ (၂)ရက် အခမဲ့ဆေးကုပေးနေတယ်လို့လည်း သိရပါတယ်။