ဒီမော့ဆိုမြို့နယ်မှာ ဝက်အများအပြား ဖျားနာသေဆုံး
2020.06.17
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ဝက်တွေဖျားနာပြီး သေဆုံးနေတာ အကောင်ရေ ၁၅၀ လောက် ရှိနေပြီလို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ မွေးမြူရေးဝက်တွေကို ကာကွယ်ဆေးထိုးကြဖို့၊ ရောဂါကြောင့် သေဆုံးတဲ့ ဝက်တွေကို စနစ်တကျ မြေမြှုပ်ဖို့၊ ပိုးသတ်ဆေးဖြန်းဖို့လည်း တိုက်တွန်းနေပါတယ်။
ဒီမော့ဆိုမြို့နယ် ဒေါငံရောက်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ရွာတွေမှာ ဝက်တွေ ရောဂါဖြစ်တာကြောင့် ဆေးကုသမှုတွေ ပြုလုပ်ပေမယ့်လည်း သက်သာပျောက်ကင်းတာမရှိဘဲ သေဆုံးမှုတွေဖြစ်နေပါတယ်။
ဒေါငံရောက်ရွာမှာ လဆန်းပိုင်းကတည်းက ဝက်တွေ သေဆုံးနေတာဖြစ်ပြီး ဒီရက်ပိုင်း အနီးအနားက ကျေးရွာတွေ မှာပါ ဝက်တွေ ဖျားနာလာကြကြောင်း ဒေါငံရောက် ကျေးရွာ ဥက္ကဋ္ဌ ဦးဝီဇင်းရှိုက ပြောပါတယ်။
“သေတာတော့၊ ဖျားတာတော့ ရိုးရိုးဖျားတာလို့ပဲ ထင်ထားတယ်။ ပြီးတော့ ကိုယ်ကလည်း ပေါ်စားတယ်။ နောက်ကြာလာတော့ တစ်ဖြည်းဖြည်းချင်း များလာတော့ မစားချင်ကြတော့ဘူး။ မစားချင်ကြတော့ မြှုပ်တဲ့လူ မြှုပ်၊ ဒိုင်တွေဆီကို ရောင်းပေး၊ ဒိုင်လည်း ဈေးပေါပေါနဲ့ပဲ ဝယ်တော့ အကုန်လုံး ပါကုန်တယ်။”
အစပိုင်းမှာတော့ ဝက်တွေ သေဆုံးတာ ရိုးရိုး ဖျားနာတာလို့ပဲ ထင်ပြီး ရောင်းဝယ်တာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ရွာသူရွာသားတွေက ဝက်တွေ သေဆုံးတဲ့ အကြောင်းအရင်းကို မသိရသေးတဲ့အတွက် လူကိုပါ ကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။
ကိုဗစ်ကာလအတွင်း ဒီမော့ဆိုမြို့နယ်မှာ ဝက်နာကျပြီး သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့အပေါ် ဝက်ရောဂါ ကာကွယ်ဆေး နှစ်မျိုးထိုးကြဖို့ ဒီးမော့ဆိုမြို့နယ် မွေးမြူရေးနှင့် ကုသရေးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ နော်ရီစေးဘယ် ကပြောပါတယ်။
“အဲဒါကြောင့်မို့လို့ အကောင်းဆုံးကတော့ ဝက်ပုလိပ်နဲ့ ဝက်ဝမ်းကျ နှစ်ခုစလုံး ပုံမှန် ကာကွယ်ဆေးထိုးကြဖို့ ဟောပြောပွဲတွေမှာလည်း ကျမတို့ ပြောထားကြတာများတယ်။ ဒါပေမဲ့ ဟောပြောပွဲတက်ရောက်တဲ့ သူပဲသိမယ်။ မတက်ရောက်တဲ့သူကတော့ မသိဘူးအဲလိုတော့ရှိမယ်။”
ဝက်တွေ သေဆုံးရတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် ဝက်တွေ သေဆုံးနိုင်တဲ့ အခြေအနေတွေထဲမှာ ကာကွယ်ဆေး ကြိုတင်ထိုးထားတာ၊ တခြား လိုအပ်တဲ့ဆေးတွေကို မထိုးထားတာ၊ ဖြစ်ဖြစ်ခြင်း သက်ဆိုင်ရာ တိရိစ္ဆာန်ကုသရေးဌာနကို အကြောင်းကြားမယ်ဆိုရင် ပြန်လည်ကောင်းမွန်နိုင်ချေရှိတယ်လို့ ဒေါက်တာ နော်ရီစေးဘယ်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရင်ဆိုင်နေရတဲ့ ကာလအတွင်း ဝက်နာကျတဲ့ ရောဂါဖြစ်ပွားတာနဲ့ ပတ်သက်လို့ လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ လုပ်ငန်းတွေကိုသာ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်မှုမခံရအောင် ထိန်းချုပ်တဲ့အနေနဲ့ သေဆုံးသွားတဲ့ဝက်တွေကို အနည်းဆုံး ၆ ပေ အနက် မြေတူးပြီးတော့မှ ပိုးသတ်ဆေးဖြန်းပြီး မြေမြှုပ်သင့်တယ်လို့ ဒေါက်တာ နော်ရီစေးဘယ်က အကြံပြု တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် မြေဖို့ထားတဲ့ အပေါ်မှာတော့ ရေနံဆီလောင်းပြီးတော့ မီးထပ်မံရှို့ပေးတာတို့ ပိုးသတ်ဆေးပြန်ဖျန်းတာတို့ လုပ်သင့်တယ်လို့ ထပ်မံတိုက်တွန်းထားပါတယ်။
ဝက်တွေမသေဆုံးခင်မှာ အစာမစားတာ၊ ဝမ်းလျှောတာ၊ အန်တာတွေ တွေ့ရပြီး သုံးရက်မှ တစ်ပတ်အတွင်း သေဆုံးသွားတာလို့ သိရပါတယ်။
တချို့သောဝက်တွေက အန်တဲ့ အခါနဲ့ ဝမ်းလျှောတဲ့အခါတွေမှာ သွေးပါတတ်ပြီး ရွာသူရွာသားတွေက မိရိုးဖလာ ကုထုံးတွေနဲ့ ကုသပေမယ့်လည်း ပြန်လည်ကျန်းမာမှုမရှိဘဲ သေဆုံးကြတာလို့ ဆိုပါတယ်။
အကောင်းဆုံးကတော့ ဖျားနာတဲ့ ဝက်တွေကို မစားဖို့၊ စည်းကမ်းမဲ့ မစွန့်ပစ်ဖို့ စနစ်တကျမြှုပ်နှံဖို့၊ ဝက်ခြံနှင့် မြှုပ်နှံထားတဲ့နေရာတွေကို ထုံးဖြူးပေးဖို့၊ ဝက်စား၍ကျန်ရှိတဲ့ အစာအကြွင်းတွေကို စနစ်တကျသွန်ပစ်ဖို့ စသည့်နည်းလမ်းများဖြင့်လည်း ကူးစက်မှုကို ကာကွယ်နိင်တယ်လို့ ဆိုပါတယ်။
ဒေသခံတချို့ကတော့ သေဆုံးသွားတဲ့ ဝက်တွေကို စနစ်တကျ မြှုပ်နှံမှုမရှိကြဘူးလို့ ဒေါငံရောက် ကျေးရွာနေ ဒေါ်ကက်သရင်း ကပြောပါတယ်။
“လျှောက်ပစ်ထုတ်တာတွေလည်း ရှိတယ်။ အများကြီးပဲ ဟိုးဘက်မှာတွေ ရေမြောင်းထဲမှာ တွေ့ခဲ့တယ်၊ လူတွေက စည်းကမ်းမရှိဘူးလို့လည်း ပြောလို့ရတယ်။ အမှန်ဆို အတတ်နိုင်ဆုံးဆို ကျင်းတူးပြီးမြှုပ်ရင် ပိုကောင်းတာပေါ့”
စားဝတ်နေရေး အထောက်အကူရဖို့ ဒေသခံတွေ ဝက်မွေးမြူလေ့ရှိပြီး သားပေါက် ဝယ်ယူ မွေးမြူဖို့ကလည်း ဒေသခံတွေအတွက် ငွေကြေး အခက်အခဲရှိပါတယ်။
အစိုးရက ဝက်သားပေါက်တွေကို ပြန်ချပေးရင် ဒေသခံတွေရဲ့ အခက်အခဲ ပြေလည်နိုင်တယ်လို့ ဒေါငံရောက် ဆယ်အိမ်မှုး ဦးအန်တေားညိုက ပြောပြပါတယ်။
“အခု ဒီဝက်ရောဂါပျောက်သွားပြီဆိုရင် ကျနော်တို့ကို အနည်းဆုံး ဝက်မျိုးလေးတော့ ပံ့ပိုးပေးပေါ့၊ ဈေးသက်သာရင် သက်သာကြောင်းပေါ့ တစ်ကောင်ဆိုလည်း တစ်ကောင်၊ နှစ်ကောင်ဆိုလည်း နှစ်ကောင်၊ အဲဒီလို ပြန်လုပ်ပေးနိုင်ရင်တော့ ကျနော်တို့တော့ ဝမ်းသာမှာပဲ အခုက တစ်ရွာလုံးက ဝက်တွေသေသွားတော့ ကျနော်တို့က ဝက်ကလေးပေါက် သွားပြန်ရှာဝယ်ရမယ်ဆိုရင် ဈေးကတော့မြင့်မှာပဲ။ အဲဒါကတော့ သေချာပြီးသား”
လက်ရှိမှာတော့ မွေးမြူရေးနဲ့ ကုသရေးဌာနအနေနဲ့ တိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ကျန်းမာရေး လက်ကမ်း စာစောင်တွေ ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။