အသံတိတ်သပိတ်နဲ့ ဆက်စပ်ပြီး မန္တလေးမြို့ခံ သုံးဦးထက်မနည်း ဖမ်းဆီးခံရ

RFA Burmese
2024.02.02
အသံတိတ်သပိတ်နဲ့ ဆက်စပ်ပြီး မန္တလေးမြို့ခံ သုံးဦးထက်မနည်း ဖမ်းဆီးခံရ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အိမ်တော်ရာဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်စိုးဦးအား တွေ့ရစဉ်။
Kyaw Soe Oo - Facebook

မန္တလေးမြို့မှာ မနေ့က ပြုလုပ်ခဲ့တဲ့ စစ်တပ်အာဏာသိမ်း သုံးနှစ်ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင် လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ စာရေးသားခဲ့တာကြောင့် ဒေသခံ သုံးဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အင်္ဂလိပ်စာ ကျူရှင်ဆရာလည်းဖြစ်၊ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ အိမ်တော်ရာဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၄၈ နှစ် အရွယ် ဦးကျော်စိုးဦးလည်း ပါဝင်တယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"ညနေ လေးနာရီ သင်တန်းမလာဘူး။ ညနေ ရှစ်နာရီသင်တန်းလည်း လာမသင်တော့ သင်တန်းသူတွေ ဖုန်းဆက်ပြောမှသိတာ။ ဖုန်းဆက်တော့ စက်ပိတ်ထားတာ။ သူက ကျူရှင်ပဲသင်တာ။ နိုင်ငံရေးနဲ့ ပတ်သက်တာတော့ ထဲထဲဝင်ဝင်လုပ်တာ မရှိဘူး။ အိမ်တော်ရာ ဂေါပကမှာတော့ အဖွဲ့ဝင်တစ်ဦးပဲ"

ဦးကျော်စိုးဦးရဲ့ မိသားစုဝင်တွေက ချမ်းအေးသာစံမြို့နယ် အမှတ် (၆) နယ်မြေရဲစခန်းမှာ လိုက်လံစုံစမ်းခဲ့ပေမယ့် စခန်းမရှိကြောင်း ရဲတွေက ပြန်လည်ပြောဆိုခဲ့ကြတယ်လို့ဆို ပါတယ်။

ဦးကျော်စိုးဦးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ မနက် ၁၀ နာရီကျော်ရင် အိမ်မှာပဲ နေကြဖို့ ရေးသားခဲ့တာပါ။ အဲဒီအရေးအသားကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ရေးသားဖော်ပြကြပါတယ်။ မနေ့က တစ်ရက်တည်းမှာပဲ မန္တလေးမြို့က အသက် ၂၅ အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီထဲက ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ ဦးပိန်တံတားပေါ်မှာ အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှု ပြုလုပ်ခဲ့သူဖြစ်ကြောင်း စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီလှုပ်ရှားမှုကိုလုပ်ခဲ့တဲ့ မန္တလေးသပိတ်အင်အားစုက တာဝန်ရှိသူတစ်ဦးကတော့ ဖမ်းဆီးခံရသူ အမျိုးသမီးဟာ သူတို့ရဲ့အဖွဲ့ဝင်တွေထဲက မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

မနေ့က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ လမ်းမတွေပေါ် မထွက်ဘဲ အသံတိတ်သပိတ် လှုပ်ရှားမှုတွေကို နိုင်ငံအနှံ့မှာ ပြုလုပ်ခဲ့ကြတာပါ။

ဒီလှုပ်ရှားမှုမှာ မန္တလေးတစ်မြို့လုံးနီးပါး ပါဝင်ခဲ့ကြတာကြောင့် ဖမ်းဆီးခံရသူအရေအတွက်လည်း ဒီထက်ပိုများနိုင်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့က မဟာအောင်မြေကျောက်ဝိုင်းမှာလည်း ဆိုင်အများစုကို ပိတ်ထားကြတာကြောင့် စည်ပင်နဲ့ ရဲတွေ လာရောက်စစ်ဆေး အတင်းအကျပ်ဖွင့်ခိုင်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်အတွင်းကလည်း မန္တလေးမြို့မှာ အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာတွေကနေတစ်ဆင့် စစ်ကောင်စီကို ဆန့်ကျင်ရေးသားတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၂၀ ဦးထက်မနည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။