စင်္ကာပူမှာ မြန်မာအိမ်ဖေါ်တွေ ထွက်ပြေးနှုန်း မြင့်တက်လာ
2013.04.07
စင်္ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာမိန်းကလေးတွေဟာ ကာလကြာရှည် လုပ်ခလစာမရတာကြောင့် အလုပ်ကထွက်ပြေးသူတွေ များပြားလာနေတယ်လို့ စင်္ကာပူ The Straits Times သတင်းက ဒီကနေ့ဖော်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်ဝါရီလကတည်းက အိမ်ရှင်တွေဆီကနေ ထွက်ပြေးခဲ့သူ မြန်မာအိမ်ဖော်အမျိုးသမီး ၃၂ ဦး ရှိနေကြောင်း၊ ၂၀၁၂ ခုနှစ် တစ်နှစ်လုံးမှာ ထွက်ပြေးသူ ၆၄ ယောက်ရှိခဲ့တာကြောင့် ဒီနှစ်မှာ ထွက်ပြေးသူအရေအတွက် ပိုများလာဖွယ်ရှိကြောင်း သတင်းကဆိုပါတယ်။
မြန်မာအိမ်ဖော် အမျိုးသမီးတွေရဲ့ တစ်လလုပ်ခလစာဟာ စင်္ကာပူဒေါ်လာ ၄၀၀ - ၄၂၀ အထိသာရကြပြီး အလုပ်ရှာဖွေပေးတဲ့ကုမ္ပဏီကို ပြန်ဆပ်ဖို့က စင်္ကာပူဒေါ်လာ ၃၂၀၀ ကနေ ၃၃၆၀ အထိရှိတာကြောင့် တစ်လ စင်္ကာပူဒေါ်လာ ၁၀-၂၀ လောက်သာရကြကြောင်း၊ တချို့ဆိုရင် ၈ လလောက်အထိ လစာမရပဲ၊၊ အကြွေးအကျေဆပ်ပြီးမှသာ လစာရကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
မြန်မာအစိုးရက အမျိုးသမီးတွေ ပြည်ပနိုင်ငံတွေမှာ အိမ်ဖော်အဖြစ် လုပ်ကိုင်တာတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ လုပ်ကိုင်တာတွေကို တားမြစ်ထားပေမယ့်၊ စင်္ကာပူနိုင်ငံကို အိမ်ဖော်အဖြစ် သွားရောက်လုပ်ကိုင်သူတွေ တနှစ်ထက်တစ်နှစ် ပိုပြီးများလာတယ်လို့သိရပါတယ်။
အိမ်ဖော်အလုပ်ရှာဖွေပေးသူတစ်ဦးရဲ့ ပြောဆိုချက်အရ စင်္ကာပူမှာအိမ်ဖော်အဖြစ် လာရောက်လုပ်ကိုင်တဲ့ မြန်မာအမျိုးသမီး အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်က နှစ်သောင်းလောက်သာရှိပေမယ့်၊ ဒီနှစ်ပထမလေးလအတွင်း ၂၇,၀၀၀ နီးပါးအထိရှိနေပြီလို့ သတင်းမှာဖော်ပြထားပါတယ်။