စစ်တွေ ဒေသခံ နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

RFA Burmese
2024.01.02
စစ်တွေ ဒေသခံ နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးသွား စစ်တွေမြို့ ဆတ်ရိုးကျချောင်းအား တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆတ်ရိုးကျကယ်ဆယ်ရေး ရပ်ကွက်က ဒေသခံ ၂၄ ဦးကို ဇန်နဝါရီ ၁ ရက် မနေ့က စစ်ကောင်စီတပ်သားနဲ့ ရဲတွေ လာဖမ်းသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောတယ်။

စစ်တပ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း အင်အား ခုနစ်ဆယ်လောက်ဟာ စစ်ကား သုံးစီး၊ ရဲကား တစ်စီးနဲ့ နေ့လယ်ပိုင်းရောက်လာပြီး ဒေသခံ ၁၃ ဦးကို ဖမ်းဆီးခဲ့သလို ည ၁၁ နာရီနောက်ထပ် ဒေသခံ ၁၁ ဦးကို ထပ်မံဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

အကြောင်းမဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး အမျိုးသမီးတွေပါ ပါသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က နေ့လယ် ၁ နာရီလောက်မှာ စစ်ကား သုံးစီး၊ ရဲကား တစ်စီး ရပ်ကွက်ထဲကိုဝင်တယ်။ စစ်သားနဲ့ ရဲသား ခုနစ်ဆယ်လောက်ရှိတယ်။ အရင်ဆုံး ဆတ်ရိုးကျတံတားနားမှာ စောင့်နေတယ်။ ခဏနေတော့ ဝင်ဖမ်းတယ်။ အဲဒီမှာ ၁၃ ယောက် အဖမ်းခံရတယ်။ ပြီးရင် ည ၁၁ နာရီလောက်မှာ တစ်ခေါက်ဝင်ဖမ်းတယ်။ အိပ်နေတုန်း တံခါးအတင်းဖွင့်ခိုင်းပြီး ဖမ်းသွားတာ။ မိန်းမတွေလည်း ပါသွားတယ်။ ဘာအကြောင်းမှ မရှိဘူး ဒီအတိုင်းဝင်ဖမ်းတာ”

လက်ရှိအချိန်အထိ ဖမ်းဆီရခံရသူတွေနဲ့ အဆက်အသွယ် မရတာကြောင့် စိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း စစ်တွေမြို့ပေါ်က ကုလားတန်မြစ်ဆိပ်ကမ်းမှာ အရပ်သား ၅၃ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ၅၃ ဦးကိုတော့ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

အရပ်သားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့အရပ်သား ၁၉၀ ကျော်ရှိတယ်လို့ UNOCHA က ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။