စစ်တွေ ဟိုတယ်ကမ်းခြေက စားသောက်ဆိုင်တွေ အင်အားသုံးဖြိုဖျက်ခံရ

RFA Burmese
2023.10.05
စစ်တွေ ဟိုတယ်ကမ်းခြေက စားသောက်ဆိုင်တွေ အင်အားသုံးဖြိုဖျက်ခံရ ရခိုင်ပြည်နယ် စစ်တွေမြို့ ဟိုတယ်ကမ်းခြေရှိ ဖြိုဖျက်ခံလိုက်ရသည့် စားသောက်ဆိုင်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က တွေ့ရစဉ်
Citizen Journalist

ရခိုင်ပြည်နယ် စစ်တွေမြို့ ဟိုတယ်ကမ်းခြေမှာရှိတဲ့ စားသောက်ဆိုင်တွေကို အောက်တိုဘာ ၅ ရက် မနက်အစောပိုင်းမှာ အာဏာပိုင်တွေက အင်အားအလုံးအရင်းသုံးပြီး ဖြိုဖျက်သွားခဲ့တယ်လို့ ဆိုင်ပိုင်ရှင်တွေက RFA ကိုပြောပါတယ်။

ဒီကမ်းခြေက စားသောက်ဆိုင် ၁၆ ဆိုင်ကို ရဲ၊ စည်ပင်နဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းတွေ အပါအဝင် လူအင်အား တစ်ရာကျော်က စက်ယန္တရားတွေနဲ့ အတင်းအကျပ် ဖြိုဖျက်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“သူတို့ မနက် ၄ နာရီလောက် ရောက်လာတယ်။ ရဲတွေ၊ စည်ပင်နဲ့ ထွေအုပ်က လူတွေ၊ ဖြိုတဲ့သူတွေ တစ်ရာကျော်လောက်ရှိတယ်။ ကျွန်တော်တို့ကို နှိုးတယ်။ ချက်ချင်း ပစ္စည်းတွေသိမ်းခိုင်းတယ်။ ပြီးရင် တစ်ခါတည်း စက်တွေနဲ့တန်းဖြိုတာ။ ပစ္စည်းတွေတောင် အကုန်မသိမ်းလိုက်ရဘူး။ ဖုန်းတွေကိုလည်း အကုန်သိမ်းထားတယ်။ ဘာမှပြောခွင့်တောင် မရဘူး။ ကိုယ့်ဆိုင်ကို ဖြိုနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေရတယ်”

ဒီစားသောက်ဆိုင်တွေဟာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားပြီး ပြန်လည် အသစ်ဆောက်ပြီးလို့ စတင်လည်ပတ်နေချိန်မှာ ဖြိုဖျက်ခံရတာလို့ သူကဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီစားသောက်ဆိုင်တွေဟာ တရားဝင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတာဖြစ်ပြီး လမ်းဧရိယာ တိုးချဲ့မှာဖြစ်တာကြောင့် ဩဂုတ်လ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ အမိန့်စာ ထုတ်ထားတယ်လို့လည်း ဆိုပါတယ်။

ဆိုင်ပိုင်ရှင်တွေဘက်ကတော့ ဒီစားသောက်ဆိုင်လုပ်ငန်းတွေကိုပဲ မှီခိုနေရတာကြောင့် ရခိုင်ပြည်နယ် စစ်ကောင်စီကို အသနားခံစာ တင်ခဲ့တာလည်း ရှိပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

ဒီအဆောက်အအုံတွေ ကျူးကျော်ဆောက်လုပ်ထားတာမဟုတ်ဘဲ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကိုယ်တိုင် တရားဝင် နေရာချပေးခဲ့တာလို့ စားသောက်ဆိုင်ပိုင်ရှင်တွေကပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။