စစ်တွေက ကျူးကျော်တဲ ၂ဝဝ ကျော်ကို ပြောင်းရွှေ့


2017.04.23
sittwe-slum-house-620.JPG စစ်တွေမြို့ စက်ရုံစုရက်ကွက် ကျူးကျော်တဲတွေကို ဧပြီလ ၂၂ ရက်နေ့က ပြောင်းရွှေ့စဉ်
Photo:Min Thein Aung/RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စက်ရုံစုရပ်ကွက်က စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်မယ့် ဧရိယာထဲမှာ ပါဝင်နေတဲ့ ကျူးကျော်တဲ ၂၁၃ လုံးကို ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်နဲ့ မနေ့ကစပြီး မင်းဂံတိုးချဲ့ရပ်ကွက် ကို ပြောင်းရွှေ့ပေးနေပါတယ်။

စစ်မှုထမ်းဟောင်းအိမ်ရာဆောက်မယ့် မြေ ၆ ဧကပေါ်မှာ ရှိနေတဲ့ ကျူးကျော်တဲတွေကို အစိုးရက ရွှေ့ပေးနေ တာဖြစ်တယ်လို့ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း က ပြောပါတယ်။

"အရံမီးသတ်တို့ မီးသတ်ဌာနတို့က ဝိုင်းဝန်းပြီးတော့ ပစ္စည်းတွေပြောင်းပေးတယ်၊ ကားကတော့ အစိုးရအဖွဲ့က စီစဉ်ပေးထားတာပေါ့၊ စစ်မှုထမ်းဟောင်း အိမ်ရာ ဆောက်မယ့်နေရာ ဧက ၆ ဧကပေါ်မှာ ပါဝင်နေတဲ့အတွက် အစိုးရကနေပြီးတော့ ရွှေ့ပေးရတာဖြစ်ပါတယ်ခင်ဗျ"

ဒီနေ့မနက်ပိုင်းအထိ တဲအလုံး ၈၀ လောက်ပြောင်းရွှေ့ပြီးပြီ ဖြစ်ပြီး အားလုံးပြောင်းဖို့အတွက် အချိန် ၄ ရက်လောက် ကြာနိုင်တယ်လို့လည်း ဦးညွန့်ဝင်း က ပြောပါတယ်။

အဲဒီကျူးကျော်တဲတွေဟာ မင်းဂံတိုးချဲ့ရပ်ကွက်မှာ မိမိတို့ဘာသာ ပြန်ဆောက်ရမှာဖြစ်ပြီး ပြည်နယ်အစိုးရက မြေ အကျယ် ၂၀×၃၀ စီပြန်ပေးထားတာဖြစ်ပါတယ်။

အဲဒီ ကျူးကျော်တဲ ၂၀၀ ကျော်ဆိုတာဟာ စစ်မှုထမ်းဟောင်း အိမ်ရာဆောက်မယ့် ဧရိယာထဲပါဝင်နေတဲ့ အရေအတွက်သာဖြစ်ပြီး စက်ရုံစုရပ်ကွက်မှာ ကျူးကျော်တဲ စုစုပေါင်းဆိုရင် ၁ ထောင်ကျော်လောက် ရှိနိုင်တယ်လို့ လည်း ပြောပါတယ်။

အဲလိုပြောင်းရွှေ့ပေးဖို့အတွက် ဧရိယာထဲပါဝင်နေတဲ့တဲတွေကို ပြီးခဲ့တဲ့ ၂ လလောက်ထဲက စာရင်းတွေကောက် ယူခဲ့ပြီး အငြင်းပွားမှုတွေ မဖြစ်အောင် နေထိုင် သူတွေကိုလည်း ဓါတ်ပုံတွေ ရိုက်ယူထားပြီး စာရင်းလုပ်ခဲ့ရ တာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။