စစ်တွေမှာ လူငယ် လေးဆယ်ခန့် ဖမ်းဆီးခံရ

RFA Burmese
2024.05.25
စစ်တွေမှာ လူငယ် လေးဆယ်ခန့် ဖမ်းဆီးခံရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တစ်နေရာကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က ရွှေစေတီဘုန်းကြီးကျောင်းကို မေလ ၂၄ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီက ဧည်စာရင်းဝင်ရောက်စစ်ဆေးပြီး စစ်တွေမြို့ မှတ်ပုံတင်မဟုတ်တဲ့ လူငယ် လေးဆယ်လောက်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ပေါ်မှာပိတ်မိနေတဲ့ တခြားမြို့ကလူတွေကို ဧည့်စာရင်းစစ်ပြီး ဝင်ရောက်ဖမ်းဆီးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွှေစေတီကျောင်းက ဖမ်းသွားတယ်လို့ပြောတယ်၊ အဓိက စစ်တွေက မှတ်ပုံတင် မဟုတ်ဘဲ တခြားမြို့နယ်က လူငယ်တွေဆိုရင် ဖမ်းတယ်၊ အခုက တောက်လျှောက်ပဲ၊ အလွယ်ကူဆုံး ပြောမယ်ဆိုရင် လူဖမ်းပွဲ လုပ်နေတာပေါ့လေ၊ ရွှေစေတီကတော့ ၄၀ လောက်ပါသွားတယ်၊ အခုက မြို့ပေါ်ကနေ အပြင်ထွက်ဖို့က တော်တော်လေး ခက်တယ်၊ ရန်ကုန်ကပဲဖြစ်ဖြစ် အခြားမြို့နယ်ကဖြစ်ဖြစ် သွားတဲ့သူတွေက တော်တော်များများက စစ်တွေမှာ တင်ကျန်နေတာပေါ့၊ အပြင်ထွက်လို့မှ မရတာ၊ တခြားမြို့ကသွားမဲ့လူတွေက နီးစပ်ရာပေါ့ ဆွေမျိုးရှိတဲ့လူက ဆွေမျိုးအိမ်ပေါ့၊ ဆွေမျိုးမရှိတဲ့လူက ဘုန်းကြီးကျောင်းမှာ နေတာပေါ့"

အသက် ၁၈ နှစ်ကနေ ၄၀ အတွင်းရှိတဲ့ အမျိုးသားတွေကို ဖမ်းဆီးသွားတာလို့ မြို့ခံတွေက ပြောပါတယ်။

ရွှေစေတီဘုန်းကြီးကျောင်းမှာ တခြားမြို့နယ်တွေက လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေအပါအဝင် မြို့ကနေ ထွက်ခွင့်မပေးလို့ ပိတ်မိနေတဲ့သူတွေ စုစုပေါင်း လူ လေးရာလောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေကို ဒီရက်ပိုင်းမှာ စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြပြီး စစ်တွေမှတ်ပုံတင်မကိုင်ဆောင်တဲ့လူငယ် ၂ဝဝ ကျော်ကို ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲက ပြန်လွတ်လာတာမရှိသေးဘဲ အမှတ် (၁) မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

၂ဝ၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂ဝ၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အမျိုးသား ၄၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၄၇၁ ဦး ဖမ်းဆီးခံထားရတယ်လို့ ဧပြီ ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော်(AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။