တရုတ်သံရုံးရှေ့ ချီတက်ဆန္ဒပြသူ ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်
2013.11.21

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာ ရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာ မှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ် ခဲ့ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အခုလို ပြစ်ဒဏ်ချမှတ်တာ ဟာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာမှုမရှိတာကိုပြနေကြောင်း ထောင်ဒဏ် ချမှတ်ခံခဲ့ရသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုဒီငြိမ်းလင်းက RFA ကို ပြောပါတယ်။
“လက်ပံတောင်းတောင်မှာ အကြမ်းဖက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆန္ဒပြတယ်၊ အကြမ်းဖက်တဲ့ တရားခံတွေ မဖော်ဘဲနဲ့ ကျနော်တို့ကိုထောင်ချတယ်၊ ဒါတွေက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာ ဘယ်လောက်ယိုင်နဲ့နေတယ်ဆိုတာ ပေါ်လွင်နေတယ်ဗျာ၊ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို ဘယ်လိုဆက်လုပ်ရမှာလဲ၊ ဒီအတိုင်းပဲ ဆက်နေရမှာလား၊ ဒါဆို ကျနော်တို့လိုချင်တဲ့ တရားမျှတမှုတွေက ဘယ်ရောက်သွားမှာလဲဆိုတာကို စဉ်းစားစေချင်ပါတယ်၊ နိုင်ငံတော်သမ္မတကြီးက လွှတ်တယ်၊ ဖမ်းတယ်၊ ဒါနိုင်ငံရေး ကစားကွက်အနေနဲ့ ကျနော်တို့ကိုလုပ်တယ်”
ဒီနေ့ရုံးချိန်းမှာ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရသူတွေဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး၊ ကိုစိုးမိုးထွန်း၊ ကိုမြင့်ကျော်နဲ့ မသန္တာတို့ ၆ ဦး ကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့တာပါ။
သူတို့ ၆ ဦးကို အလုံမြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တွေမှာလည်း တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး အဲဒီအမှုတွေကိုလည်း မနက်ဖြန်မှာ အပြီးသတ် စီရင်ချက်ချမှတ်မယ်လို့ သိရပါတယ်။